နစကဥက္ကဋ္ဌ ရုရှားသို့ သွားရောက်ကာ ရင်ပြင်နီချီတက်ပွဲ တက်ရောက်မည်
ရန်ကုန်၊
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ပြီး ရင်ပြင်နီချီတက်ပွဲ (မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနား) ကို တက်ရောက်မယ်လို့ သိရပါတယ်။
မကြာမီရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ရင်ပြင်နီချီတက်ပွဲ အခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေ တက်ရောက်ခြင်း၊ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခြင်းတွေကို ဆောင်ရွက်သွားမှာပါ။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ နစကဥက္ကဋ္ဌရဲ့ ဇနီး ဒေါ်ကြူကြူလှလည်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ Valentina Matvienko ရဲ့ ဖိတ်ကြားချက်အရ နစကဥက္ကဋ္ဌနဲ့အတူ တစ်ပါတည်း သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ဖက်ဒရယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်။
ရုရှားချစ်ကြည်ရေးခရီးစဉ်အတွင်း နစကအဖွဲ့ဝင်တွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားမယ်လို့ သိရပါတယ်။
ဒီခရီးစဉ်ဟာ ဒါကြောင့် အခုခရီးစဉ်ဟာ နစကဥက္ကဋ္ဌရဲ့ ၂ လအတွင်း ပေါ်ပေါက်လာတဲ့ ဒုတိယမြောက် ရုရှားခရီးစဉ် ဖြစ်လာပါတယ်။
ရင်ပြင်နီစစ်ရေးပြချီတက်ပွဲမှာ မြန်မာတပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ ကိုယ်စားပြု စစ်သည်အင်အား ၇၀ နီးပါး ပါဝင်တဲ့ စစ်ကြောင်းလည်း ပါဝင်ချီတက်ဖို့ မော်စကိုမှာ လေ့ကျင့်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။
