#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရင်ပြင်နီစစ်ရေးပြချီတက်ပွဲမတိုင်မီ မော်စကိုမြို့ကို ဒရုန်းများဖြင့် ယူကရိန်းဆက်တိုက် တိုက်ခိုက်နေ
ဒုတိယကမ္ဘာစစ်၌ ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်များ အောင်ပွဲခံမှု နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြချီတက်ပွဲ မကျင်းပမီ ယူကရိန်းနိုင်ငံ ရုရှားနိုင်ငံမော်စကိုမြို့တော်ကို မောင်းသူမဲ့လေယာဉ်များဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း မေ ၆ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ယူကရိန်းတပ်များသည် မေ ၅ ရက်ညပိုင်းတွင် ဒုတိယမြောက်နေ့အဖြစ် မော်စကိုမြို့ကိုမောင်းသူမဲ့လေယာဉ်အနည်းဆုံး ၁၉ စင်းဖြင့်အရပ်မျက်နှာအသီးသီးမှ တိုက်ခိုက်ခဲ့ကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားထားသည်။
အဆိုပါ ယူကရိန်းမောင်းသူမဲ့လေယာဉ်များကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်များက ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီးမြေပြင်၌ ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်း သိရသည်။
သို့ရာတွင် အထက်ပါမောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုများကြောင့် မော်စကိုမြို့တော်အတွင်းရှိ လေဆိပ်အားလုံးကို နာရီအတန်ကြာပိတ်ထားခဲ့ရကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်နှင့် မဟာမိတ်များ စစ်နိုင်မှုနှစ်(၈၀) ပြည့်အထိမ်းအမှတ်အဖြစ် မော်စကိုမြို့တော်ရင်ပြင်နီ၌ စစ်ရေးပြချီတက်ပွဲ ကျင်းပရေးအတွက် ရုရှားနိုင်ငံက ပြင်ဆင်နေစဉ်ယူကရိန်းနိုင်ငံက မော်စကိုမြို့ကိုပစ်မှတ်ထား၍ မောင်းသူမဲ့လေယာဉ်များဖြင့် ဆက်တိုက်တိုက်ခိုက်နေခြင်း ဖြစ်သည်။
မေ ၉ ရက်တွင် ကျင်းပမည့်ရင်ပြင်နီစစ်ရေးပြချီတက်ပွဲတွင် ရုရှားသမ္မတပူတင်နှင့်အတူ တရုတ်သမ္မတရှီကျင်ပင်း အပါအဝင် နိုင်ငံတကာခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။
သို့ရာတွင် မိမိတို့အနေဖြင့် ရုရှားနှင့်စစ်ဖြစ်နေဆဲဖြစ်ရာ မေ ၉ ရက် ရင်ပြင်နီစစ်ရေးပြချီတက်ပွဲသို့တက်ရောက်မည့် နိုင်ငံတကာဧည့်သည်တော်များ၏ လုံခြုံရေးကိုအာမခံချက် မပေးနိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက မေ ၃ ရက်တွင် ပြောကြားထားပြီးဖြစ်သည်။
ရုရှားပိုင်နက်နယ်မြေပေါ်တွင်ဖြစ်ဖြစ်သမျှ ကိစ္စတိုင်းအတွက် မိမိတို့ တာဝန်မယူနိုင်ကြောင်း၊ မေ ၉ ရက် ရင်ပြင်နီစစ်ရေးပြချီတက်ပွဲ နိုင်ငံတကာဧည့်သည်တော်များ၏ လုံခြုံရေးအတွက် ရုရှားတွင်သာ တာဝန်ရှိကြောင်း သမ္မတဇီလန်စကီးက ပြောကြားထားသည်။
ရင်ပြင်နီစစ်ရေးပြချီတက်ပွဲအတွက် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကိုရုရှားသမ္မတပူတင်က ကမ်းလှမ်းထားသော်လည်း ယူကရိန်းသမ္မတဇီလန်စကီးကမူ အနည်းဆုံးရက်ပေါင်း ၃ဝ ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မျိုးကိုသာ လက်မှတ်ရေးထိုးရန် လိုလားလျက်ရှိသည်။
ရိုက်တာ

image