အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ ပါကစ္စတန်ကလည်း မကြာခင် လက်တုံ့ပြန်ဖွယ်ရှိနေ
ဒေလီ၊ မေ-၇-၂၀၂၅
မျိုးဆက်(VOM)
ပါကစ္စတန်နဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသ နေရာကိုးခုကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။
ပါကစ္စတန်စစ်တပ်ကတော့ နေရာသုံးခုမှာ တို်ကခိုက်ခံရပြီး ကလေးနှစ်ယောက်အပါအဝင် လူ ခုနှစ်ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်အုပ်ချုပ်တဲ့ Muzaffarabad မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသမှာ ဗလီသုံးလုံးလည်းထိခိုက် ပျက်စီးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ အိနိ္ဒိယ တိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ စစ်သွေးအခြေစိုက်စခန်းတွေမဟုတ်ဘဲ အရပ်သားပစ်မှတ်တွေဖြစ်တယ်လို့ ပြောပါတယ်။
အကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်တယ်ဆိုတဲ့ အိန္ဒိယရဲ့ ပြောဆိုချက်ဟာ မှားယွင်းနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ ကမ္ဘာလှည့်ခရီးသည် ၂၆ ယောက်သေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ဆက်ဆံရေး သိသိသာသာ ဆိုးရွားနေပါတယ်။
အိန္ဒိယရဲ့ တို်ကခိုက်မှုအပြီး နာရီအနည်းငယ်အကြာမှာ ပါကစ္စတန်ကလည်း ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်နို်ငတယ်လို့ စစ်ရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ အိန္ဒိယကတော့ သူ့ရဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန် စီးပွားရေး၊ စစ်ရေးနဲ့ အရပ်ဖက်ပစ်မှတ်တွေ ထိမှန်ခြင်းမရှိဘဲ စစ်သွေးကြွစခန်းတွေသာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ကက်ရှ်မီးယား အကြမ်းဖက်တိုက်ခို်ကမှုမှာ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေ ဦးဆောင်မှုပါဝင်နေတယ်ဆိုတာ ယုံကြည်ရတဲ့ သက်သေအထောက်အထား များစွာရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ တယ်လီဖုန်းဆက်သွယ်ပြီး တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားသုံးယောက်သေဆုံးခဲ့ပါတယ်။ ပါကစ္စတန် လုံခြုံရေးထိပ်တန်းတာဝန်ရှိသူတွေဟာ မကြာခင်မှာ အရေးပေါ် အစည်းအဝေးတရပ် ပြုလုပ်ဖို့ရှိနေပါတယ်။
Ref:CNA
Photo:Reuters


