အာကာသထဲမှာ အသံကြားနိုင်သလား ဆိုတဲ့ မေးခွန်းဟာ လူအတော်အများကို အတွေးများစေတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ နေထိုင်နေတဲ့ ဝန်းကျင်ဟာ နေ့စဥ်နှင့်အမျှ အသံတွေနဲ့ ပြည့်နှက်နေပြီး ကျယ်ပြော မှောင်မိုက်လှတဲ့ အာကာသကြီးကျတော့ ဘာလို့များ ဒီလောက်တောင်မှ တိတ်ဆိတ်နေရပါလိမ့်။
ကျွန်တော်တို့ဟာ အသံကို ကြားရဖို့ဆိုရင် ကြားခံနယ်တစ်ခု လိုအပ်ပါတယ်။ ဒီကြားခံနယ်ဟာ အစိုင်အခဲ၊ ရေ၊ လေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အာကာသဟာ လေထုမရှိတဲ့ လေဟာနယ်ကြီး ဆိုတာကို ကျွန်တော်တို့ အားလုံး သိထားကြပြီး ဖြစ်ပါတယ်။ ဒါဆို အာကာသထဲမှာ အသံမကြားနိုင်ဘူးပေါ့။
အာကာသထဲမှာ အသံမကြားနိုင်ခြင်းဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။
အာကာသဟာ လေထုကို မပိုင်ဆိုင်ထားတဲ့အတွက် ကမ္ဘာပေါ်ကလို လေထုတုန်ခါခြင်းအားဖြင့် အသံဖြတ်သန်းသွားလာနိုင်ခြင်းတော့ မရှိပါဘူး။
ဒါပေမဲ့ အာကာသဟာ အသံလှိုင်းမဟုတ်တဲ့ တစ်ခြားလှိုင်း တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။
ရေဒီယိုလှိုင်း(Radio wave)၊ ကောစမစ်လှိုင်း(Cosmic wave)၊ ပလာစမာလှိုင်း(Plasma wave)၊ သံလိုက်လှိုင်း(Magnetic wave) စသဖြင့် လှိုင်းတွေဟာ ဒီအာကာသဟင်းလင်းပြင်ကြီးထဲမှာ ပျံ့ကြဲလို့ နေပါတယ်။
အဲ့ဒီလှိုင်းတွေကို လျှပ်စစ်သံလိုက်လှိုင်း(Electromagnetic wave) လို့ ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒီလှိုင်းတွေကို အသုံးချပြီး စကြဝဠာကြီးရဲ့ သံစဥ်တွေကို နားဆင်ကြမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ကိုယ်မှ မကြားနိုင်တဲ့ အရာတွေကို ကြားရအောင် ဘယ်လိုလုပ်ပြီးတော့ လေ့လာလို့ ရမှာလဲ။
ဒီ့အတွက် 'Sonification' လို့ခေါ်တဲ့ နည်းပညာတစ်မျိုးက အကူအညီပေးမှာပါ။ Sonification ဆိုတာ လူသားတွေ မကြားနိုင်တဲ့ အာကာသထဲက လှိုင်းတွေကို လူသားတွေကြားနိုင်တဲ့ အသံလှိုင်း(Sound Wave)တွေ အဖြစ် ပြန်လည် ပြောင်းလဲပေးတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။
အာကာသထဲ ပျံ့နှံ့နေတဲ့ လှိုင်းတွေကို အာရုံခံကိရိယာတွေနဲ့ ဖမ်းယူပြီး ကျွန်တော်တို့လူတွေ ကြားနိုင်တဲ့ အသံတွေ ရလာအောင် ကြိမ်နှုန်းအမျိုးမျိုး၊ လှိုင်းအလျားအမျိုးမျိုး၊ လှိုင်းလွှဲကျယ်အမျိုးမျိုးနဲ့ ပြန်လည် ချိန်ညှိပြီး ပြောင်းယူပါတယ်။ ဒီလိုနည်းနဲ့ အာကာသထဲက အသံတွေကို ကျွန်တော်တို့ ကြားနိုင်တာပါ။
၁၉၇၉ခုနစ်၊ Voyager-1 အာကာသယာဥ်ဟာ ဂျူပီတာဂြိုလ်ရဲ့ သံလိုက်စက်ကွင်းတစ်လျှောက် ဖြတ်သန်းရာမှာ ထူးဆန်းတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို ထောက်လှမ်းမိခဲ့ပါတယ်။ ဒီလှိုင်းတွေကို ကြားနိုင်တဲ့အသံတွေအဖြစ် ပြန်လည်ပြောင်းလဲ နားထောင်ကြည့်လိုက်တဲ့ အခါမှာတော့ ဂျူပီတာဂြိုလ်ရဲ့ လေထုအတွင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအသံတွေ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
ဒါဟာ အာကာသသိပ္ပံသမိုင်းမှာ ကမ္ဘာဂြိုလ်မဟုတ်တဲ့ တခြားဂြိုလ်တစ်ခုဆီကနေ ပထမဆုံးအနေနဲ့ မုန်တိုင်းအသံတွေကို ထောက်လှမ်းနိုင်ခဲ့ခြင်းလဲ ဖြစ်ပါတယ်။ စူးစမ်းချင်စိတ်နဲ့ လူသားတွေနဲ့ နည်းပညာတွေ ပေါင်းစပ်ပြီးတော့ မိုင်တိုင်အသစ်ကို စိုက်ထူနိုင်ခဲ့ကြတာပါပဲ။
ဒီစကြဝဠာအာကာသကြီးကတော့ ကျွန်တော်တို့ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အံ့အားသင့်နေစေတယ်မလားဗျ။ ဘယ်လိုပဲ တိတ်ဆိတ်လှတဲ့ နေရာတစ်ခု ဖြစ်နေပါစေ၊ တူရိယာတွေ မလိုအပ်ဘဲ၊ စည်းချက်ဝါးချက်ညီညီ ခုန်ပေါက်နေသလိုပါပဲ။
