သထုံမြိုနယ်၊ လက်ပံကုန်းပိုင်းထိပ်ရှိ တောင်ယာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် လူငယ်အလောင်း(၃)လောင်းတွေ့ရှိ
*****************
(မှုခင်း) မေ ၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်ကြားရပ်ကွက်၊ လက်ပံကုန်းပိုင်းထိပ်ရှိ တောင်ယာအနီးတွင် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က သေနတ်ဒဏ်ရာများဖြင့် လူငယ်အလောင်း(၃)လောင်းအား ဦးဇော်မင်း၊ ၅၆ နှစ်၊ (ဘ)ဦးဘကြည်၏ တောင်ယာတောသို့ သွားရောက်သည့် တောလမ်းတွင်တွေ့ရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်တွင် အာပေကော် ၏ ဖခင် ဦးဇော်မင်း၊ ၅၆ နှစ်၊ (ဘ)ဦးဘကြည်၊ လက်ပံကုန်ပိုင်း၊ တောင်ကြားရပ်ကွက်၊ သထုံမြို့နယ်နေသူသည် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က ၎င်း၏တောင်ယာသို့သွားရောက်စဉ် တောင်ယာတောသို့ သွားရောက်သည့် တောလမ်းတွင် ၎င်း၏ သားဖြစ်သူ အာပေကော်နှင့် ဝင်းကိုဦးတို့မှ Honda Wave-100 အမျိုးအစား ကာဗာမပါ ဆိုင်ကယ်အပေါ်တွင် သေဆုံးလျှက်ရှိသည်ကို တွေ့ရှိရပြီး ၎င်းတို့ အနီးတွင် 9 MM ကျည်ခွံ(၇)ခုအား တွေ့ရှိရ၍ “ပီတိနှလုံးသား” နာရေးကူညီမှု အသင်းအားအကြောင်းကြားကာ လယ်တောသို့ ထွက်လာခဲ့ကြောင်း၊ လယ်တောသို့ ရောက်ရှိစဉ် လယ်တောတွင်းရှိ လယ်တဲတွင်လည်း စိုးပြည့်ထူး မှာ သေဆုံးနေသည်ကို တွေ့ရှိရပြီး စိုးပြည့်ထူးအနီးရှိ ပလိုင်းအတွင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများဟု ယူဆရသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၆၀)ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ခဲပြားအပိုင်းအစ၊ တူမီးသေနတ်တွင်း ထည့်သွင်းအသုံးပြုပစ်ခတ်သည့် ဘောစိ(၈)စိ၊ အလောင်းအနီးတွင် Leo ဘီးယာဗူးခွံ(၁)ဘူး၊ 9MM ကျည်ခွံ(၈)ခု၊ ကျည်ဖူး(၂)ခု တွေ့ရှိ၍ ထပ်မံအကြောင်းကြားခဲ့ရာ ဦးစိုးမင်းထိုက် မောင်းနှင်သည့် YGN 9K/4586၊ ဘောက်စီ အဖြူရောင် နာရေးကူညီမှုအသင်းကားဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။အဆိုပါ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ သေနတ်ဒဏ်ရာများဖြင့် ရောက်ရှိနေသော အလောင်း(၃)လောင်း သက်ဆိုင်ရာတာဝန်ရှိသူများမှသွားရောက် စစ်ဆေးရာ စိုးပြည့်ထူး၊ ၂၃၊ (ဘ)ဦးအောင်မြင့်ဦး တွင် ဝဲဘက်ဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝဲနားထင် ကျည်ဖောက်ဝင်ဒဏ်ရာ၊ အာပေကော်၊ ၂၂ နှစ်၊ (ဘ)ဦးဇော်မင်း တွင် ပါးစပ် ကျည် ဖောက်ဝင်ဒဏ်ရာ၊ ယာရင်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝင်းကိုဦး၊ ၃၀ နှစ်၊ (ဘ)ဦးဇော်ဝင်းတွင် ပါးစပ် ကျည်ဖောက်ဝင် ဒဏ်ရာ၊ ယာနားထင် ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။



