ပက်ထရီးယော့ ဒုံးခွင်းဒုံးစနစ်တွေကို အစ္စရေးကနေ ယူကရိန်းရွေ့ဖို့ အမေရိကန်စီစဉ်
ဝါရှင်တန်၊ မေ-၆-၂၀၂၅
အမေရိကန်လုပ် ပက်ထရီးယော့ ဒုံးခွင်းဒုံးစနစ်တွေကို အစ္စရေးကနေ ယူကရိန်းကို လွှဲပြောင်းပေးမယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး နယူးယောက်ခ်တိုင်းက ရေးသားဖော်ပြထားပါတယ်။
ဒါအပြင် ဂျာမနီ သို့မဟုတ် ဂရိမှာရှိနေတဲ့ အခြား ပက်ထရီးယော့စနစ်တွေကိုလည်း ယူကရန်းကို လွှဲပြောင်းပေးနိုင်ရေး ဆွေးနွေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုလွှဲပြောင်းပေးအပ်မှုတွေအတွက် သမ္မတဒေါ်နယ်ထရန့်က အတည်ပြုခြင်း ရှိ၊ မရှိကိုတော့ ထုတ်ဖော်ပြောဆိုထားမရှိပါဘူး။
ဒေါ်နယ်ထရန့်ဟာ ယခုလအတွင်း အရှေ့အလယ်ပိုင်းကို သွားရောက်ဖို့ စီစဉ်နေပါတယ်။ ဒါအပြင် သူဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ပူတင်ဟာ ထရန့်ခရီးစဉ်သွားချိန်မှာ အရှေ့အလယ်ပိုင်းကို သွားဖို့ မရှိဘူးလို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။ ဒါပေမယ့်လည်း ရုရှားအနေနဲ့ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ရုရှားနိုင်ငံ မော်စကိုမြို့ကို ပစ်မှတ်ထားပြီး ယူကရိန်းက မောင်းသူမဲ့ လေယာဉ်တွေနဲ့တိုက်ခိုက်မှု ဒုတိယညဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် မော်စကိုရှိ အဓိကလေဆိပ် လေးခုစလုံးကို ပိတ်ထားရတယ်လို့ ရုရှားတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်ပြီး ကြားဝင်စေ့စပ်မှုတွေရှိနေပေမယ့် နှစ်ဖက် အပြန်အလှန်တိုက်ခို်ကမှုတွေကတော့ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
Ref:NHK
Photo:Getty Images
