#နိုင်ငံတကာသတင်း
◼ပါကစ္စတန်ကသုံးရက်အတွင်း ဒုတိယအကြိမ်ဒုံးကျည်စမ်းသပ်
ကက်ရှ်မီးယားတွင် အရပ်သား ၂၆ ဦး သေဆုံးခဲ့သောတိုက်ခိုက်မှုကြောင့် တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံသည် ထိပ်တိုက်ရင်ဆိုင်မှုဆီ ဦးတည်နေသည် ဟူသော စိုးရိမ်မှုများ ထွက်ပေါ်နေစဉ် ပါကစ္စတန်က သုံးရက်အတွင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှု လုပ်ဆောင်ခဲ့ကာ အိန္ဒိယကလည်း ပြည်နယ်အများအပြားတွင် လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသ၌ ဖြစ်ပေါ်ခဲ့သည့် ဟိန္ဒူခရီးသွားများအား ပစ်မှတ်ထားသော ဧပြီ ၂၂ ရက် တိုက်ခိုက်မှု၌ သေနတ်သမားများက လူ ၂၆ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် နျူကလီးယားပိုင်သည့် နှစ်နိုင်ငံဆက်ဆံ‌ရေးများ အောက်ဆုံးအမှတ်အထိ ကျဆင်းခဲ့သည်။
ယင်းမှာ အိန္ဒိယမြေပေါ်တွင် နှစ်ပေါင်း ၂၀ နီးပါးအတွင်း အရပ်သားများအပေါ် အဆိုးဆုံးတိုက်ခိုက်မှုဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုတွင် ပါကစ္စတန်ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယက စွပ်စွဲပြောကြပြီး ပါကစ္စတန်ဘက်က ငြင်းဆိုထားသည် ။
သို့ရာတွင် အိန္ဒိယက ၎င်းတို့အား စစ်ဆင်နွဲရန် ပြင်ဆင်နေသည်ဟူသော သတင်း ရရှိထားကြောင်း ပါကစ္စတန်ကပြောသည်။
နှစ်နိုင်ငံကြား ကုန်းလမ်းနယ်စပ်ဂိတ်များအား ပိတ်ထားပြီး ကုန်သွယ်ရေးများကို ဆိုင်းငံ့ထားကာ နှစ်ဖက်စလုံးက လေကြောင်းလိုင်းများကိုလည်း ၎င်းတို့ဝေဟင်ပိုင်နက်များမှ အပြန်အလှန် ပိတ်ပင်ထားကြသည်။
ကက်ရှ်မီးယားပိုင်းခြား နယ်စပ်မျဉ်းတစ်လျှောက်တွင်လည်း လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
အရပ်ဘက်အသင့်ပြင်ဆင်ထားမှုသေချာစေရန် မေ ၇ ရက်တွင် လုံခြုံရေးဇာတ်တိုက်လေ့ကျင့်မှုများ လုပ်ဆောင်ရန် ပြည်နယ်အချို့အား အိန္ဒိယပြည်ထဲ‌ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း အစိုးရသတင်းရင်းမြစ်တစ်ဦး က ရိုက်တာသတင်းဌာနကိုပြောကြားသည်။
၎င်းတို့က ပါကစ္စတန် သို့မဟုတ် ကက်ရှ်မီးယား နှင့် ပတ်သက်၍ ဖော်ပြခြင်းမရှိသလို မည်သည့်ပြည်နယ်များတွင် လေ့ကျင့်မည်ကိုလည်း မပြော‌ပေ။
လေ့ကျင့်မှုများ၌ လေကြောင်းတိုက်ခိုက်မှု အချက်ပေးခြင်း ၊ ဘေးလွတ်ရာကယ်ထုတ်ခြင်းများနှင့် တိုက်ခိုက်ခံရပါက တုံ့ပြန်နည်းများကို ပြည်သူလူထုအား လေ့ကျင့်ပေးခြင်းများ ပါဝင်ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်က ပြောသည်။
ယင်းမတိုင်မီ အစောပိုင်းတွင် ကီလိုမီတာ ၁၂၀ အထိ ပစ်ခတ်နိုင်သော မြေပြင်မှ မြေပြင်ပစ် ဖာတာဒုံးကျည်များကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက် ပြောကြားသည်။
ယင်းမတိုင်မီနှစ်ရက်ကလည်း ကီလိုမီတာ ၄၅၀ အထိ လက်လှမ်းမီသော အက်ဘ်ဒါလီ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ကို ပါကစ္စတန်စစ်ဘက် က အောင်မြင်စွာ စမ်းသပ်ခဲ့သည်။
ထိုသို့ အောင်မြင်သော စမ်းသပ်မှုများမှနေ၍ ပါကစ္စတန်ကာကွယ်ရေးသည် အားကောင်းသောသူများ၏ လက်ထဲတွင် ရှိနေသည်ကို ပြသနေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ် က ပြောကြားသည်။
လတ်တလောတွင် အိန္ဒိယနှင့် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားခြင်းမရှိကြောင်း ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အတ္တာအူလာတာရာက ဂျာနယ်လစ်များအား ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image