#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လေဒီဂါဂါ ဂီတပွဲ ဗုံးခွဲမည့်အစီအစဉ် ဘရာဇီးရဲတပ်ဖွဲ့ တားဆီးဖော်ထုတ်နိုင်ခဲ့
ရီယိုဒီဂျနေးယိုးမြို့တော် ကိုပါကာဘာနာကမ်းခြေ၌ ကျင်းပခဲ့သော အမေရိကန်အမျိုးသမီးပေါ့အဆိုတော် လေဒီဂါဂါ၏ ဂီတဖျော်ဖြေပွဲအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ကြိုးပမ်းမှုကို ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း ဘရာဇီးရဲတပ်ဖွဲ့က မေ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လေဒီဂါဂါ၏ဂီတဖျော်ဖြေပွဲကို မေ ၃ ရက်တွင် ကိုပါကာဘာနာကမ်းခြေ၌ ကျင်းပခဲ့ရာ ပရိသတ်နှစ်သန်းကျော် တက်ရောက်ခဲ့ပြီး လေဒီဂါဂါအတွက်သမိုင်းဝင် ဂီတဖျော်ဖြေပွဲဖြစ်ခဲ့ရသည်။
သို့ရာတွင် အဆိုပါဂီတဖျော်ဖြေပွဲကို ဆယ်ကျော်သက်များအား အစွန်းရောက်များအဖြစ် ပုံသွင်းရန်ကြိုးပမ်းနေသည့် အဖွဲ့အစည်းတစ်ခုက ဗုံးခွဲတိုက်ခိုက်ရန်ကြံစည်ခဲ့ရာ မိမိတို့အနေဖြင့်၎င်းအကြံအစည်ကို တားဆီးနိုင်ခဲ့ကြောင်း ဘရာဇီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါအုပ်စုသည် လေဒီဂါဂါဂီတဖျော်ဖြေပွဲကို လက်ဖြစ်ဖောက်ခွဲရေးပစ္စည်းများ၊ ဓာတ်ဆီဗုံးများဖြင့် တိုက်ခိုက်ရေးအတွက် ဆယ်ကျော်သက်များကိုစည်းရုံးစုဆောင်းခဲ့ကြောင်း ဘရာဇီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။
အထက်ပါအုပ်စု၏ ခေါင်းဆောင်ဖြစ်သူအပါအဝင် အုပ်စုဝင်အချို့ကို မက္ကဆီကိုတောင်ပိုင်း ရီယိုဂရန်ဒီဆောလ်ပြည်နယ်၌ ဖမ်းဆီးထားကြောင်း ဘရာဇီးရဲတပ်ဖွဲ့၏အဆိုအရ သိရသည်။
ရိုက်တာ
