#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် အကြောင်းမဲ့အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၃၀ ကျော်အတွက် နစ်နာကြေးဘတ်ငါးသိန်းကျော် ပြန်ရ
ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်ရှိ စက်ရုံတစ်ရုံတွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမား ၃ဝ ကျော်၏ နစ်နာကြေးဘတ်ငါးသိန်းကျော်နှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိခဲ့ကြောင်း MHACမဟာမိတ်အဖွဲ့မှ သိရသည်။
အဆိုပါစက်ရုံတွင် တိုင်ကြားခဲ့သည့် အလုပ်သမား ၇၃ ဦးအနက် အလုပ်သမား ၄၁ ဦးသည်မိမိသဘောဆန္ဒနှင့် အလုပ်ထွက်ခြင်းဖြစ်ပြီး ၃၂ ဦးမှာ စက်ရုံသူဌေးကအကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းစက်ရုံမှအလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမားများ၏ အကူအညီတောင်းမှုအရ ပါကျင်ပူရီဆဝါဒီကန်ရုံး (အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန)တွင် တိုင်ကြားပေးခဲ့ရာမှ နစ်နာကြေးနှင့် စာရွက်စာတမ်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် အလုပ်သမားများ၏ ဗီစာ/ပါမစ်သက်တမ်းတိုး နိမ်း လစ်စာရွက်၊ စာရွက်စာတမ်းများနှင့် အလုပ်ပြောင်းစာ ဘိုင်ကျန့်အော့ အပါအဝင် စာရွက်စာတမ်းအားလုံးကိုလည်း စက်ရုံသူဌေးက ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်းကို တာဝန်ရှိလူကြီးများရှေ့တွင် အလုပ်ရှင်/အလုပ်သမား ကတိကဝတ်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အလုပ်သမား ၇၃ ဦးတွင် စာရွက်စာတမ်းမရသောအုပ်စုနှင့် အကြောင်းမဲ့အလုပ်ထုတ်ခံရသော အုပ်စုနှစ်စုခွဲပြီး ထိုင်းအစိုးရ ဆဝါဒီကန်ရုံးတွင် တိုင်ကြားပေးခဲ့ပြီး အကြောင်းမဲ့အလုပ်ထုတ်ခံရသောအလုပ်သမား ၃၂ အဖွဲ့သည် နစ်နာကြေးတစ်ဦးလျှင် ၁၆၀၆၅ ဘတ်နှုန်းဖြင့် ၃၂ ဦးစာအတွက် စုစုပေါင်း ၅၁၄ဝ၈ဝ ဘတ် ရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - MHAC
