ပြင်ဦးလွင်မှာရွာတဲ့မိုးကြောင့် ရွာ၄ရွာဝန်းကျင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ မေလ ၄ ရက် ဒီနေ့မနက်ပိုင်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် တောင်ကျရေတွေကျကာ အုန်းချော၊ ဆည်တော်၊ ဂိုက်တန်း၊ ဇီးပင်ကြီးရွာတွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်တွေရေနစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြင်ဦးလွင် ၃၁ မိုင်၊ကျင်ဂနိုင်ပတ္တမြားရိပ်သာမှာလည်းရေကြီးမှုဖြစ်ပေါ်ခဲ့ကြောင်း လက်ရှိမှာတော့ ရေကျနေပြီဖြစ်တယ်လို့သိရပါတယ်။
" မိုးများပြီး တောင်ကျရေတွေကျတော့ ရေကြီးတာပါ။အခုတော့ရေပြန်ကျသွားပါပြီ။တော်တော်နည်းသွားပါပြီ။တောင်ကျရေဆိုတော့အတက်မြနိသလိုအကျမြန်တယ်။ အခုသိရသလောက်တော့ လူထိခိုက်ပျက်စီးဘာညာမရှိပါဘူး။ဆည်တော်တို့ ဂိုက်တန်းတို့က ချောင်းဘေးရွာတွေဆိုတော့ရေဝင်တယ်။ " လို့ အုန်းချောဒေသခံကပြောပါတယ်။
ရေကြီးနစ်မြုပ်မှုဖြစ်ပွားချိန် ကြာမြင့်မှုမရှိတာကြောင့် လူထိခိုက်တာမျိုးမရှိပေမယ့် နေအိမ်နစ်မြုပ်ခံခဲ့ရတဲ့ ဒေသခံတွေမှာတော့ ပစ္စည်းအချို့ ရေနစ်မြုပ်ခံခဲ့ရတာကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်ကြောင်းသိရပါတယ်။
" တောင်ကျရေတွေ အရှိန်နဲ့စီးလာတော့ တချို့ဆို ပစ္စည်းတွေ အကုန်မရွှေ့လိုက်နိုင်တာမျိုးရှိနိုင်တယ်လေ။ ရေက လူတရပ်လောက်အထိ တက်ခဲ့တာဆိုတော့ လူလည်းလွတ်ရာရှောင်ရတဲ့အခြေအနေဆိုတော့ ပျက်စီးမှုကအနည်းနဲ့အများတော့ ရှိနိုင်ပါတယ်။ ခုတော့ရေက ပြန်ကျနေပါပြီ။" လို့ ပုသိမ်ကြီးဒေသခံကပြောပါတယ်။
ပြင်ဦးလွင်မှာ မနက် ၅ နာရီလောက်ကတည်းက မနက် ၉ နာရီလောက်အထိ မိုးရွာသွန်းခဲ့တာဖြစ်ကြောင်း ၊ မိုးရွာသွန်းချိန်ကြာသလို မိုးရွာသွန်းမှုလည်းများတာကြောင့် တောင်ကျရေစီးဆင်းမှုများပြီး အနိမ့်ပိုင်းတွေ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
