9 w - Translate

#ပြည်တွင်းသတင်း
◼ပျော်ဘွယ်မြို့၌ အင်အားရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့် ငလျင်လှုပ်ခတ်
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၌အင်အားရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိငလျင်လှုပ်ခတ်မှု ယနေ့ (မေ ၅ ရက်)နံနက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်မှာ ယနေ့နံနက် ၆ နာရီ၊ ၃ မိနစ်၊ ၁၄ စက္ကန့်တွင် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ အနက် ၁၆ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုမေလ ၂ ရက်တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့၏ အရှေ့တောင်ဘက် (၁၃) မိုင်ခန့် အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ နံနက် ၈ နာရီ ၊၂၂ မိနစ်၊ ၅၆ စက္ကန့်တွင် အင်အားရစ်ခ်တာစကေး ၃ ဒသမ ၄ အဆင့်ရှိငလျင်နှင့် မန္တလေးမြို့၏ အနောက်မြောက်ဘက် (၈) မိုင်ခန့် အနက် ၇ ကီလိုမီတာ ကိုဗဟိုပြု၍ ညနေ ၆ နာရီ၊ ၁၄ မိနစ် ၊ ၃ စက္ကန့်တွင် အင်အားရစ်ခ်တာစကေး ၃ ဒသမ ၃ အဆင့် ရှိ ငလျင်များလှုပ်ခတ်ခဲ့သေးသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင် အပါအဝင် ယနေ့နံနက်ပိုင်းအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း (၁၆၂) ကြိမ် ရှိပြီဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD

image