#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အေအိုင်နည်းပညာသုံး ပုပ်ရဟန်းမင်းကြီးဓာတ်ပုံကြောင့် ဝေဖန်မှုများနှင့် ဒေါ်နယ်ထရန့် ရင်ဆိုင်နေရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လူ့ဉာဏ်ရည်တု နည်းပညာကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ်ပုပ်ရဟန်းမင်းကြီးပုံ ဖန်တီးထားသည့် ဓာတ်ပုံတစ်ပုံအား လူမှုမီဒီယာ စာမျက်နှာပေါ်တွင်တင်ခဲ့ရာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း မေ ၃ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်ပြီးနောက် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ရေးအတွက်ကာဒီနယ်ဆရာတော်ကြီးများ အစည်းအဝေး မကျင်းပမီရက်အနည်းငယ်အလိုတွင် အထက်ပါဓာတ်ပုံကို သမ္မတဒေါ်နယ်ထရန့်က လူမှုမီဒီယာစာမျက်နှာပေါ်၌ တင်ခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသစ် မရွေးချယ်မီအထက်ပါဓာတ်ပုံအား လူမှုမီဒီယာ စာမျက်နှာပေါ်တွင်တင်ခဲ့ခြင်းသည် ကက်သလစ်ခရစ်ယာန်သာသနာကိုလှောင်ပြောင်မှုဖြစ်ကြောင်း ဒေါ်နယ်ထရန့်ဆန့်ကျင်ရေးအုပ်စုတစ်စုက ဝေဖန်ထားသည်။
အလားတူ အီတလီဝန်ကြီးချုပ်ဟောင်း မတ်တီယိုရမ်ဇီကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပုပ်ရဟန်းမင်းကြီးဓာတ်ပုံ ပေါ်ထွက်လာမှုကို ဝေဖန်ခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်၏ ပုပ်ရဟန်းမင်းကြီး ဓာတ်ပုံနှင့်ပတ်သက်၍ ဗာတီကန်နန်းတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ မှတ်ချက်ပေးရန်ငြင်းဆိုထားသည်။
၂ဝ၁၃ ခုနှစ်မှစ၍ ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင်အဖြစ်တာဝန်ယူခဲ့သော ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဧပြီ ၂၁ ရက်တွင် ရုတ်တရက်နှလုံးခုန်ရပ်တန့်မှု၊ လေဖြတ်မှုတို့ကြောင့် ကွယ်လွန်ခဲ့ရပြီး ကွယ်လွန်ချိန်တွင် သက်တော် (၈၈) နှစ်ရှိပြီဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်နေရာတွင် ဆက်လက်တာဝန်ယူမည့် ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲအတွက် ကာဒီနယ်ဆရာတော်ကြီးများစည်းဝေးပွဲကို မေ ၇ ရက်တွင်စတင်မည်ဖြစ်သည်။
ရိုက်တာ

image