လမ်းဖြတ်ကူးလာသည့်အမျိုးသားနှစ်ဦး ခရီးသည်ယာဥ်မှ ဝင်တိုက်မိသဖြင့် သေဆုံး
*****************
(မှုခင်း)
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဗောဓိမြိုင်ကျေးရွာ၊ ခုတင်(၅၀)ပြည်သူ့ဆေးရုံအနီး၊ မိုင်တိုင်အမှတ်(၂၃၁/၇)နှင့် (၂၃၂)အကြား၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ်၌ လမ်းဖြတ်ကူးလာသည့် အမျိုးသားနှစ်ဦး ခရီးသည်ယာဥ်မှ ဝင်တိုက်မိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီကျော်အချိန်က ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ပျဉ်းမနားမြို့ဘက်မှ တပ်ကုန်းမြို့ဘက်သို့ ယာဉ်မောင်း ထွန်းထွန်းနိုင်(ခ)အာကာ၊ ၄၀ နှစ်၊ (ဘ)ဦးခင်ဝင်း၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နေသူ တစ်ဦးတည်း မောင်းနှင်သည့် MDY-21-3Q/3259 HYUNDAI STAREခဲရောင်) “ရွှေပျားမင်း”ခရီးသည်တင်ယာဉ် သည် ဗောဓိမြိုင်ကျေးရွာ၊ ခုတင်(၅၀)ပြည့်သူ့ ဆေးရုံအနီး၊ မိုင်တိုင်အမှတ်(၂၃၁/၇)နှင့် (၂၃၂)အကြားအရောက်၌ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း လမ်း၏အနောက် ဘက်မှ အရှေ့ဘက်သို့ ဖြတ်ကူးလာသည့် ဦးပြုံးချို၊ ၅၄ နှစ်၊ (ဘ)ဦးဖိုးအေး နှင့် ဦးဝင်းအောင်(ခ)ဇော်ဖိုး၊ ၄၆ နှစ်၊ (ဘ)ဦးစိုးသန်း ယုန်ကုန်းကျေးရွာ၊ ပျော်ဘွယ်မြို့နယ် နေသူတို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဦးပြုံးချိုတွင် မျက်နှာညိုမည်းဒဏ်ရာ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ယာတံတောင်ပွန်းဒဏ်ရာ၊ ဝဲ/ယာခါးပွန်းခြစ်ဒဏ်ရာ၊ ယာခြေသလုံးဖုယောင် ပေါက်ပြဲဒဏ်ရာနှင့် ဦးဝင်းအောင်တွင် မျက်နှာကြေမွဒဏ်ရာ၊ ဝဲ/ယာခါးပွန်းခြစ်ဒဏ်ရာ၊ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့သဖြင့် “ကရုဏာရှင်”လူမှုရေးအသင်းမော်တော်ယာဥ်ဖြင် နေပြည်တော်၊ ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
ယာဉ်အား ပေါ့ဆစွာဖြင့် မဆင်မခြင်မောင်းနှင်ပြီး လမ်းဖြတ်ကူးသူ ၂ ဦးအား ဝင်ရောက်တိုက်မိခဲ့သူ ယာဉ်မောင်း ထွန်းထွန်းနိုင်(ခ)အာကာ အား ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
