Manny Pacquiao နဲ့ Mario Barrios (ဇူလိုင်လ)
ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းပါ။ Manny Pacquiao နဲ့ Mario Barrios တို့က ဇူလိုင်လမှာ ကစားမယ်တဲ့။ WBC အဖွဲ့အစည်းဥက္ကဌ Mauricio Sulamain က ကြေညာခဲ့တာပါ။ Mario Barrios က WBC Welterweight Champion ဖြစ်ပြီး Manny Pacquiao က စိန်ခေါ်သူဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ Manny Pacquiao က Yordenis Ugas ကိုရှုံးပြီး အနားယူခဲ့ပါတယ်။ အနားယူတယ်ဆိုတာကလည်း ဖိလစ်ပိုင်ရွေးကောက်ပွဲဝင်ပြိုင်မှာမို့လို့ပါ။ ရွေးကောက်ပွဲမှာလည်း မဲရှုံးတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ဘောက်ဆင်ဝင်ပြိုင်မယ်ဆိုတော့လည်း အသက်လွန်နေလို့ ပြိုင်လို့မရပြန်ဘူး။ အခုတော့ (၄) နှစ်နားပြီး ကြေးစားပြန်ထိုးပါမယ်တဲ့။
Mario Barrios က Yordenis Ugas ကို အနိုင်ယူပြီး WBC Interim Welterweight Champion ဖြစ်လာတာပါ။ ချန်ပီယံကာကွယ်ပွဲမှာ Mario Barrios က Fabian Maidana ကို ဆက်နိုင်ထားတယ်။ Terence Crawford က ချန်ပီယံကာကွယ်ပွဲမထိုးဘဲ စူပါဝယ်တာဝိတ်တန်းကို တက်သွားတာမို့ WBC အဖွဲ့အစည်းက Mario Barrios ကို WBC Welterweight Champion လို့ သတ်မှတ်လိုက်ပါတယ်။
Manny Pacquiao က (၄၆) နှစ်ဖြစ်ပြီး Mario Barrios ထက်လည်း (၁၇) နှစ်ကြီးတယ်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ Manny Pacquiao က ကြေးစားပွဲဦးထွက်ထိုးတာပါ။ အဲဒီအချိန်မှာ Mario Barrios က မွေးတောင် မမွေးသေးဘူး။ Mario Barrios ရဲ့ အသက်က Manny Pacquiao ရဲ့ ကြေးစားသက်တမ်းလောက်တောင် မရှိသေးပါဘူး။ အသက်အရွယ်ကွာဟမှုက Manny Pacquiao အတွက် အဓိကပြဿနာဖြစ်လာနိုင်တယ်။
Manny Pacquiao က ယုံကြည်မှုအပြည့်ပါပဲ။ အများကြီးကျန်သေးတယ်လို့ ယူဆထားတယ်။ ကစားလို့ ရသေးတယ်တဲ့။ Mario Barrios ကို အနိုင်ယူပြီး စံချိန်သစ်စိုက်ထူချင်နေပါတယ်။ Mario Barrios ကလည်း ဂန္တဝင်ဘောက်ဆင်သမားကြီးကို ကစားချင်ပါတယ်တဲ့။ နိုင်ရင် နာမည်ပိုကြီးမှာမလား။ အဆင်ပြေရင် ဇူလိုင်လမှာ ကြည့်ရပါမယ်။
