#နိုင်ငံတကာသတင်း
◼ခရီးသွားများသတ်ဖြတ်မှုတင်းမာနေစဉ် ပါကစ္စတန်သွင်းကုန်များကို အိန္ဒိယပိတ်ပင်
အငြင်းပွားနေသော ကက်ရှ်မီးယားဒေသတွင် အလည်အပတ်လာသူ ခရီးသွားများစွာ သေဆုံးခဲ့သော တိုက်ခိုက်မှု ဖြစ်ပွားပြီးချိန် နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းနှစ်နိုင်ငံကြားတင်းမာမူများရှိနေစဉ် ပါကစ္စတန်မှ အစပြုလာသော သို့မဟုတ် ပါကစ္စတန်နိုင်ငံမှတစ်ဆင့်ခံ ရောက်ရှိလာသော ကုန်ပစ္စည်းများအား ပိတ်ပင်လိုက်ကြောင်း အိန္ဒိယက ပြောကြားသည်။
ပိတ်ပင်မှု က ချက်ချင်းအသက်ဝင်လာမည်ဟု အိန္ဒိယနိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားချက်က ဖော်ပြခဲ့သည်။
အမျိုးသားလုံခြုံ‌ရေး နှင့် အစိုးရ မူဝါဒအရ ယင်း ကန့်သတ်မှုကို ချမှတ်လိုက်ကြောင်း ညွှန်ကြားချက်က ဆက်လက်ဖော်ပြသည်။
ကက်ရှ်မီးယား‌ချိုင့်ဝှမ်း ၊ ပါဟယ်ဂမ် ဒေသ တောင်ပေါ် အပန်းဖြေနေရာတစ်ခု၌ ယခင်သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှု၌ စစ်သွေးကြွဟု မသင်္ကာသူများက ခရီးသွား အနည်းဆုံး ၂၆ ဦးကိုသတ်ဖြတ်ခဲ့သည်။
မွတ်ဆလင်အများစုနေထိုင်သော ဟိမဝန္တာဒေသကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အိန္ဒိယရော ၊ ပါကစ္စတန်ကပါ ပြောကြားကြပြီး ယင်းဒေသကြောင့် နှစ်နိုင်ငံကြား စစ်ပွဲများ ၊ ပုန်ကန်မှုများ ၊ သံတမန်‌ရေး တင်းမာမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။
ယခုနောက်ဆုံး တိုက်ခိုက်မှုတွင် ပါကစ္စတန်ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယက စွပ်စွဲပြောကြားပြီး ပါကစ္စတန်က ငြင်းဆိုထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အိန္ဒိယက စစ်တိုက်ရန် ပြင်ဆင်နေသည်ဟူသော ခိုင်လုံသည့် သတင်းရထားသည်ဟု ပါကစ္စတန်က ပြောကြားထားသည်။
ပါကစ္စတန်ကလည်း အိန္ဒိယ၏ အရေးယူမှုများအား လက်တုံံ့ပြန်ခြင်းများ လုပ်ဆောင်ထားရာ နယ်စပ်ကုန်သွယ်မှုအားလုံးကို ပိတ်ပင်ခြင်း၊ အိန္ဒိယလေကြောင်းများအား ၎င်းတို့ဝေဟင်ပိုင်နက်မှ ပိတ်ပင်ခြင်း ၊ အိန္ဒိယသံတမန်များအား နှင်ထုတ်ခြင်းများ လုပ်‌ဆောင်ခဲ့သည်။
ထို့ပြင် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ချုပ်ဆိုထားသည့် မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ် အရ ကတိပြုထားသည့် မြစ်ရေစီးဆင်းမှုကို တားဆီးရန် ကြိုးပမ်းမှုမှန်သမျှကို စစ်ပွဲစတင်သည့် လုပ်ရပ်အဖြစ် သဘောထားမည်ဟု ပါကစ္စတန်က သတိပေးပြောကြားထားသည်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာလည်း မကြာ‌မီနှစ်များအတွင်း များစွာ ကျဆင်းသွားခဲ့ပြီဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image