#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မေ ၉ ရက် ရင်ပြင်နီ စစ်ရေးပြချီတက်ပွဲအတွက် လုံခြုံရေးအာမ မခံဟု ယူကရိန်းသမ္မတဇီလန်စကီး ပြောကြား
ရုရှားနိုင်ငံနှင့် စစ်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ရာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုအောင်ပွဲခံမှု နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် မေ ၉ ရက်တွင်မော်စကိုမြို့တော်၌ ကျင်းပမည့် စစ်ရေးပြချီတက်ပွဲသို့တက်ရောက်မည့် နိုင်ငံတကာ ဧည့်သည်တော်များ၏ လုံခြုံရေးကို ယူကရိန်းနိုင်ငံအနေဖြင့် လုံခြုံရေး အာမခံချက်ပေးနိုင်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က မေ ၃ ရက်တွင် ပြောကြားလိုက်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်များ နာဇီတပ်များအပေါ်အောင်ပွဲခံမှု နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် မေ ၈ ရက် မှ ၁ဝ ရက်အထိ ၇၂ နာရီ ကြာ အပစ်အခတ်ရပ်စဲရေးကို ရုရှားသမ္မတပူတင်က ကြေညာခဲ့ပြီးနောက်ယူကရိန်းသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားသမ္မတပူတင် အဆိုပြုထားသည့် အထက်ပါ ရက်တိုအပစ် အခတ်ရပ်စဲရေးကို ယူကရိန်းသမ္မတဇီလန်စကီးအနေဖြင့် လက်ခံလိုခြင်းမရှိဘဲ အနည်းဆုံးရက် ၃ဝ ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်တစ်ရပ်ကိုရယူရန်သာ မိမိအနေဖြင့် အဆင်သင့်ရှိကြောင်း ပြောကြားထားသည်။
ယင်းအပြင် ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနှင့် စစ်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်ရာ မော်စကိုမြို့တော်၌ မေ ၉ ရက်တွင် ကျင်းပမည့် စစ်ရေးပြချီတက်ပွဲသို့တက်ရောက်မည့် နိုင်ငံတကာဧည့်သည်တော်များ၏ လုံခြုံရေးကို မိမိတို့အာမခံချက်မပေးနိုင်ကြောင်း ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။
ရုရှားဖက်ဒရေးရှင်း ပိုင်နက်ပေါ်တွင် ဖြစ်ပွားသမျှအတွက် မိမိတို့ တာဝန်မယူနိုင်ကြောင်း၊ နိုင်ငံတကာဧည့်သည်တော်များ၏ လုံခြုံရေးအတွက် ရုရှားနိုင်ငံတွင်သာတာဝန်ရှိပြီး မိမိတို့အနေဖြင့် မည်သည့်လုံခြုံရေးအာမခံချက်မျိုးမျှ ပေးနိုင်မည်မဟုတ်ကြောင်း သမ္မတဇီလန်စကီးက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီး၏ အထက်ပါပြောကြားချက်ကို ခြိမ်းခြောက်ပြောကြားမှု တစ်ရပ်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထားသည်။
ထိုနည်းတူ မေ ၉ ရက် စစ်ရေးပြချီတက်ပွဲအခမ်းအနား ကာလ အတွင်း ယူကရိန်းနိုင်ငံက မော်စကို မြို့တော်ကို တိုက်ခိုက်ခဲ့ပါက ယူက ရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို မေ ၁ဝ ရက်တွင် တွေ့မြင်ရဦးမည်ဟု မည်သူကမျှ အာမခံချက်ပေးနိုင်မည် မဟုတ်ကြောင်း ရုရှားအမျိုးသား လုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီ ထရီမက်ဗီဒက်ဗ်က သတိပေးထားသည်။ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီ ယက်ပြည်ထောင်စုနှင့် မဟာမိတ်များအောင်ပွဲခံမှု နှစ် (၈ဝ) ပြည့် စစ်ရေးပြချီတက်ပွဲကို မေ ၉ ရက်တွင် မော်စကို မြို့တော် ရင်ပြင်နီ၌ ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ တရုတ် သမ္မတ ရှီကျင်ပင်းအပါအဝင် နိုင်ငံတကာခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
သမ္မတပူတင်၏ ၇၂ နာရီကြာအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ယူကရိန်းအနေဖြင့် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားတုံ့ပြန်ရန် မိမိတို့လိုလားကြောင်း ရုရှားအစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။
ရိုက်တာ

image