#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ၂၀၃၆ တွင် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ ဗီယက်နမ်ဖြစ်လာမည်
ဗီယက်နမ်နိုင်ငံသည်လာမည့် ၂ဝ၃၆ ခုနှစ်အရောက်တွင် အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်လာမည်ဟု World Economic League Table 2022 ၏ စစ်တမ်းအရသိရကြောင်း Nation Thailand သတင်းဌာနက မေ ၁ ရက်တွင် ဖော်ပြထားသည်။
လာမည့် ၂ဝ၃၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများထဲ၌ အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်လာနိုင်ကြောင်း တွက်ချက်ထားခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည်ထိုကဲ့သို့ ဖြစ်လာပါကကမ္ဘာတွင် နံပါတ် (၂ဝ) မြောက်စီးပွားရေးအကြီးမားဆုံးနိုင်ငံ ဖြစ်လာမည်ဟု စီးပွားရေးသုတေသနစင်တာ (CEBR) က ဆိုသည်။ ဒေသတွင်းနိုင်ငံများထဲတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုရှိသည့် ထိုင်းနိုင်ငံကမူ အရှေ့တောင်အာရှတွင် တတိယအကြီးမားဆုံးနှင့် ကမ္ဘာတွင်နံပါတ်(၂၂)ခုမြောက် အကြီးမားဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာဖွယ်ရှိနေသည်။
၂ဝ၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက GDP အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ ထရီလီယံဖြင့် ဦးဆောင်နေမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၇၁ ဒသမ ၁၂ ဘီလီယံဖြင့် ဒုတိယနှင့် ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၄၅ ဘီလီယံနှင့် တတိယနေရာတို့တွင် ရှိနေမည်ဖြစ်သည်။
စီးပွားရေး ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ဗီယက်နမ်နိုင်ငံသည် ၂ဝ၂၅ ခုနှစ်အလွန်တွင် မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့ကို ကျော်တက်သွားမည်ဖြစ်ကြောင်း၊ ၂ဝ၂၇ ခုနှစ်အရောက်တွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ GDP မှာ တူညီနေမည်ဖြစ်ကြောင်း၊ ၂ဝ၂၈ ခုနှစ်အရောက်တွင်မူ ဗီယက်နမ်နိုင်ငံက ထိုင်းနိုင်ငံကို ကျော်တက်သွားမည်ဖြစ်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။
Source; Nation Thailand
