#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အခွန်စည်းကြပ်မှုပြဿနာ ဆွေးနွေးရန် တရုတ်ကို အမေရိကန်ကမ်းလှမ်းထားဟုဆို
တရုတ်ထုတ်ကုန်များအပေါ် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ၁၄၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားမှုနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းထား ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက မေ ၁ ရက် တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်တာဝန်ရှိသူများက လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် တရုတ်တာဝန်ရှိသူများကို ကမ်းလှမ်းထားကြောင်း တရုတ်မီဒီယာများ၏ အဆိုအရသိရသည်။
လက်ရှိအချိန်အထိ အခွန်စည်းကြပ်မှုပြဿနာနှင့် ပတ်သက်၍ တရုတ်နှင့်အမေရိကန် ပြည်ထောင်စုတို့အကြား ဆွေးနွေးညှိနှိုင်းမှုမျိုး မရှိသေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားထားသည်။
သို့ရာတွင် အခွန်စည်းကြပ်မှုပြဿနာနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ရရှိရန် တရုတ်နှင့်ဆွေးနွေးနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားထားသည်။
တရုတ်နိုင်ငံနှင့် အခွန်စည်းကြပ်မှုပြဿနာဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရယူရေးအတွက် အမေရိကန်အစိုးရတွင် အခွင့်အလမ်းသာနေသည် ဟုမိမိယုံကြည်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရာထူး ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့သည့်ယခုနှစ် ဇန်နဝါရီလမှာပင် တရုတ်နိုင်ငံအပါအဝင် အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ ထုတ်ကုန်များကို အခွန်စည်းကြပ်မှုများ စတင်ပြုလုပ်ခဲ့သည်။
ရိုက်တာ
