ငါဘာလို့များ ဒီစာအုပ်ကို အခုထက် စောစောမဖတ်မိရပါလိမ့်လို့ နောင်တရမိနိုင်တဲ့ မိန်းကလေးငယ်တစ်ယာက်ကြီးပြင်းလာပုံကို မီးတွင်းကစ အိမ်ထောင်ကျသည်အထိ ဖြတ်သန်းခဲ့တဲ့ အချိန်တွေအကြောင်း ကိုယ်တိုင် အဲ့ဒီ့ မိန်းကလေးရဲ့ ဘေးကကြည့်နေရသလို ခံစားရမဲ့ ပြောင်းလဲသွားတဲ့ အခြေအနေတွေနဲ့ ပတ်၀န်းကျင်အကြောင်းတွေ ၊ လူမှုရေးနယ်ပယ်ထင်သာမြင်သာရှိပုံတွေကို ရသ တွေတစ်ပုံတစ်ပင်ပါတဲ့ မထူမပါး စာအုပ်ကလေးတစ်အုပ်ပဲဖြစ်ပါတယ် ။ ၂၈ နှစ်ရောက်ပြီဖြစ်တဲ့လူတိုင်း ဖြတ်သန်းခဲ့ရတဲ့ မအောင်မြင်မှုတွေ ၊ ကျရှုံးမှုတွေဟာ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာမဟုတ်ဘူး ဆိုတာကို စာရေးသူက သူ့ဘဝအတွေ့ကြုံတွေနဲ့ပြောရင်း အားပေးသွားတဲ့ နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့မိန်းမတစ်ယောက်
မိန်းကလေးတွေ ဗဟုသုတရနိုင်တယ် ။ အထူးသဖြင့် ငယ်ရွယ်တဲ့မိန်းကလေးတွေ ပိုပြီးဗဟုသုတရနိုင်တယ် ။
“ အသက်မပါဘဲ မွေးဖွားလာတယ်ရယ်လို့
စွန့်ပစ်ခံရတဲ့ ကလေးတစ်ယောက်ကို
စာရေးဆရာဖြစ်ခွင့်ပေးခဲ့တဲ့....
ကျွန်မရဲ့ အမေကြီးသို့... ”
စာအုပ်ရဲ့ ပထမစာမျက်နှာကို စလှန်လိုက်စဥ်မှာပဲ ဆရာမနုနုရည်အင်းဝရဲ့ လက်မှတ်ထိုး
ထားတဲ့ အထက်ပါစာကလေးက ကျွန်မရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ဆွဲဆောင်လိုက်ပါတယ် ။
စာအုပ်နာမည်ကို ကြားဖူးနားဝရှိပေမယ့် ဆရာမ ရေးခဲ့တဲ့ စာအုပ်တော်တော်များများရဲ့ နောက်မှာမှ ဖတ်ခွင့်ရခဲ့တဲ့စာအုပ် ဆိုပေမယ့် ဆရာမ လက်ရာတွေထဲမှာ အကြိုက်ဆုံးစာအုပ်ရယ်လို့ ဖတ်ပြီးသားဖြစ်သွားသည့်တိုင် အပိုင်ဝယ်သိမ်းမိချင်သည်အထိ ဒီစာအုပ်ကို နှစ်ခြိုက်သွားမိပါပြီ ။
နုနုရည်အင်းဝလို့ဆိုလိုက်ရင် ပထမဆုံး သဘောကျမိတာ သတိရမိတာ ဆရာမ‌ရဲ့ စာရေးဟန်ပါပဲ ။ ဖတ်ရတာအီနေတာ ၊ တချို့နေရာတွေ ကျော်ချသွားချင်စိတ်ဖြစ်မိတာမျိုး လုံးဝမရှိပါဘူး ။ လဝန်းစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေကို အရင်ဖတ်ဖူးတည်းက ဆရာမရဲ့ရေးဟန်ကို သဘောအကျကြီး ကျနေခဲ့ရတာပါ ။
နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်မှာတော့ နှင်းနှင်းဦးဆိုတဲ့ ကောင်မလေးရဲ့ ကလေးဘဝမှသည် အသက်နှစ်ဆယ်ကျော်အရွယ်အပိုင်းအခြားတွေအထိ ခုနစ်သက္ကရာဇ်တွေ တဖြည်းဖြည်း ဖြတ်သန်းလွန်မြောက်ခဲ့ပုံကို ရသခံစားမှုအပြည့် ဖတ်ရမှာပါ ။
သူမရဲ့ ဘ နဲ့ မေကြီးရဲ့ အလွန်အမင်းချစ်တာ အလိုလိုက်တာခံရပုံ ၊ ကျောင်းနေစအရွယ် ကလေးတွေရဲ့ သဘာဝနဲ့ သူမရဲ့ ငယ်သူငယ်ချင်းလေးတွေအကြောင်း ၊ သူမကြိုက်တဲ့ ကာတွန်းစာအုပ်တွေ ၊ မဂ္ဂဇင်းနဲ့ ဓာတ်ရှင်တွေအကြောင်း ၊ အင်းဝရဲ့ ဘုရားပွဲ အချိန်အခါတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ သဘာဝဘေးသင့် နေ့ရက်တွေအကြောင်း ဆရာမရေးထားပုံက စေ့ငုပိုင်နိုင်လွန်းလှပါတယ် ။
မိန်းကလေးသဘာဝ အရွယ်ရောက်လာခြင်းတွေနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးပြောင်းလဲမှုတွေအပေါ် ကလေးတွေရဲ့ စိတ်နှလုံးနဲ့ လူကြီးတွေရဲ့မှားယွင်းတဲ့ အယူသည်းစိုးရိမ်လွဲမှားမှုတချို့ ။ မိန်းကလေးတစ်ယောက် ဝတ္ထုစာအုပ်ဖတ်ရင် ချစ်ခန်းကြိုက်ခန်းတွေဖတ်ပြီး အပျိုစိတ်ဝင် ပျက်စီးသွားမှာ စိုးရိမ်တတ်ကြတဲ့ လူကြီးမိဘမျိုးတွေဆိုတာ ဒီနေ့ခေတ်အထိလည်း ဒုနဲ့ဒေး ရှိနေကြတုန်းပါပဲ ။ ဒီစာအုပ်ဟာ ဖတ်ပြီး ဆင်ခြင်နိုင်စရာတွေ အများကြီး ရစေပါတယ် ။
နှင်း ဆီ ရောက်ရောက်လာတတ်တဲ့ စာတွေမှာ တက္ကသိုလ်ကျောင်းသူဘဝ စာပေးခံရတဲ့ ရင်ခုန်ကြည်နူးစရာအရေးအသားလေးတွေဟာ ဖတ်ရသူရဲ့ စိတ်နှလုံးကို နူးညံ့လတ်ဆတ်စေပါတယ် ။
“ မကြောက်စမ်းပါနဲ့ကွယ် ၊ ပစ္စုပ္ပန်တည့်တည့်ကို သွားရအောင်ပါ ။ ဒဂုန်တာရာရဲ့ စကားလေး ရှိတယ် ။ တံလျှပ်နုံးပြင်များကို ဖြတ်ကျော်ကာ ကြယ်နီရောင်ဆင်သထားသော တစ်ဖက်ကမ်းပါးသို့...တဲ့ ။ ”
ဒါလေးက ကြိုက်မိတဲ့ စာသားလေးတွေ တစ်ဖြတ်ပါ ။
မိန်းကလေးတစ်ယောက် အိမ်ထောင်ကျရင် လင်ယောက်ျားရဲ့ ချစ်ခင်ယုယမှုကို ခံရတဲ့ မိန်းကလေးဟာ ဆင်းရဲတဲ့ ဘဝဖြစ်စေဦးတော့ ၊ စိတ်ခံစားမှုအားဖြင့် အစဉ်လုံခြုံနွေးထွေးနေရမှာကတော့ အမှန်ပါပဲ ။ နှင်းနှင်းဦးဟာ ဘယ်လိုကံအကျိုးပေးနဲ့ မိန်းကလေးဖြစ်လိမ့်မလဲ ။ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်ပါ ။
ဒီစာအုပ်ဟာ ကြည်နူးလွန်းလို့ မျက်ရည်ကျရတဲ့
အရေးအသားလေးပေါင်း မြောက်များစွာနဲ့ စာဖတ်သူရဲ့စိတ်ကို နူးညံ့စွာ သိမ်းပိုက်ယူငင်ထားနိုင်တဲ့ စာအုပ်မျိုးပါ ။
ဒါဟာ မိန်းမတစ်ယောက်ရဲ့ ဘဝဖြစ်ပါလိမ့်မယ် ။ ချစ်ခြင်းမေတ္တာ ဖြစ်ပါလိမ့်မယ် ။ အားမာန်လည်း ဖြစ်ပါလိမ့်မယ် ။ ကျွန်မကတော့ ဒီလိုမျိုး ရရှိလိုက်ပါတယ် ။
မည်သို့ပင်ဆိုစေ နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်ဟာ စာဖတ်သော နှလုံးသားများဆီ အသေအချာနစ်ဝင် ရောက်ရှိဦးမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ ။
#နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့မိန်းမတစ်ယောက်
#နုနုရည်အင်းဝ

image