နှောင်းကာလ ဥက္ကာမိုးသွန်းခဲ့သလား နှင့် ရေ နဲ့ သက်ရှိရဲ့ မူလအစ part 3 End
အဲဒီ့စာတမ်းအကြောင်း အသေးစိတ်ကိုတော့ အောက်ပါ ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။
“ရေကမ္ဘာကြီးကို ခြေရာပြန်ကောက်ခြင်း” – သမုဒ္ဒရာ၏ မူလဇာစ်မြစ်
https://kyawzwarlynnpublicatio....ns.wordpress.com/...
---
တချို့ကတော့ ဥက္ကာခဲထဲမှာ ကမ္ဘာပေါ်ကို သက်ဆင်းတော့မှ ကမ္ဘာပေါ်က ဟိုက်ဒရိုဂျင်တွေ ဝင်လာနိုင်တယ်လို့ ထောက်ပြတယ်။ ဥက္ကာခဲကို ဓာတ်ခွဲလို့ သိရတဲ့ ဟိုက်ဒရိုဂျင်ရလဒ်က ဘယ် မှန်တော့မလဲပေါ့။ ခွန်ဒရိုက် ဥက္ကာခဲဆိုတာ ခွန်ဒရူး (chondrule) လို့ခေါ်တဲ့ ကျောက်စေ့လေးတွေကို ကြားမှာ ကျောက်သား တစ်မျိုးနဲ့ အင်္ဂတေပမာ ပေါင်းစုထားတဲ့ ဥက္ကာခဲတွေပါ။ အဲဒီ့သုတေသနက ခွန်ဒရူးတွေရဲ့ ဖွဲ့စည်းပုံကို ဓာတ်ခွဲတဲ့အခါ အဲဒီ့ထဲမှာ ဥက္ကာခဲကနေ တိုင်းထွာရရှိတဲ့ ဟိုက်ဒရိုဂျင် စုစုပေါင်းရဲ့ (၂၀) ရာခိုင်နှုန်းခန့် ရှိနေတာကို တွေ့ရတယ်။ ယခု ၂၀၂၅ခုနှစ် စာတမ်းမှာတော့ ကျန်တဲ့ (၈၀)% ကို ခွန်ဒရူးကြားက အင်္ဂတေသားထဲမှာ တွေ့ပါပြီ။ အင်္ဂတေသားထဲက ပိုင်ရိုတိုက် (pyrrhotite) ခေါ် သံဆာလဖိုက် တွင်းထွက်ထဲမှာ ဆာလဖာအက်တမ်တွေနဲ့ တွဲထားတဲ့ ဟိုက်ဒရိုဂျင်တွေပါ။ ဒီ သုတေသနက ကမ္ဘာပေါ်က ဟိုက်ဒရိုဂျင်က ဥက္ကာခဲထဲကို သွားမရောကြောင်း၊ ၂၀၂၀ခုနှစ်က စခဲ့တဲ့ ယခင်သုတေသနအဖွဲ့ရဲ့ တိုင်းထွာချက်တွေ မှန်ကန်ကြောင်း ပြလိုက်ပါတယ်။
ခွန်ဒရိုက် ဥက္ကာခဲတွေက ရေကို အဓိက ပံ့ပိုးခဲ့တယ် ဆိုရာမှာလည်း ကမ္ဘာဖြစ်တည်ပြီးမှ ဥက္ကာခဲအနေနဲ့ ပံ့ပိုးတာ မဟုတ်ပါ။ သူတို့ကိုယ်၌က ကမ္ဘာဆိုတဲ့ ဂြိုဟ်ကြီး ဖြစ်လာအောင် ဖွဲ့စည်း တည်ဆောက်လိုက်တာ ဖြစ်တယ်။ ကမ္ဘာဆိုတာ အန်စတက်တိုက် ဥက္ကာခဲတွေပဲ ဖြစ်လို့ သမုဒ္ဒရာထဲက ရေအများစုက ကမ္ဘာမှာ ရှိနေပြီးသားလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ကမ္ဘာမှာ ရှိနေပြီးသားလို့ ဆိုရာမှာလည်း “ရေစို”နေတဲ့ ကျောက်တွေကို ရည်ညွှန်းတာ မဟုတ်ပါ။ ခွန်ဒရိုက်ကျောက်ထဲမှာ တနေရာစီနေနေတဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်က ပေါင်းစည်းမိတဲ့ အခါ ရေ ဖြစ်လာတာကို ဆိုလိုတာပါ။ ဘူမိဓာတုဗေဒရဲ့ ပဉ္စလက်ပြကွက်တစ်ခုပေါ့။ ဒီအကြောင်းပြောတော့ ကုလားအုတ်ရဲ့ ဘို့တွေကို သတိရတယ်။ ကုလားအုတ်ရဲ့ ဘို့ထဲမှာ ရေကို သိုလှောင်တယ်လို့ ပြောပေမယ့် တကယ့် ရေမဟုတ်ပါဘူး။ ဘို့ထဲမှာရှိတာက အဆီပါ။ အဆီမှာ ဟိုက်ဒရိုဂျင် ကြွယ်ဝတာကြောင့် ကုလားအုတ်က အဆီကို မိမိ ရှူသွင်းတဲ့ အောက်ဆီဂျင်နဲ့ ဖြိုခွဲမှီဝဲတဲ့အခါ ရေဖြစ်သွားတာ ဖြစ်ပါတယ်။ ရေဟာ အမြဲတမ်း စိုနေဖို့မလိုဘူး။ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ရှိနေပြီး ရေဖြစ်နိုင်တဲ့ အခြေအနေ တခု ရှိနေသရွေ့ ရေရဲ့ အရင်းအမြစ် ရှိနေတယ်လို့ ကျွန်တော်တို့ အောက်မေ့ရပါမယ်။
အခုသုတေသနတွေ အတိုင်းဆိုရင် ကမ္ဘာဟာ ကံကောင်းလွန်းလို့ ကြယ်တံခွန်တွေက လာဆောင့်ပြီး သမုဒ္ဒရာ ဖန်တီးခဲ့တာ မဟုတ်နိုင်ပါ။ ကမ္ဘာကိုယ်တိုင်က ကျောက်တုံးကို ရေညှစ်ရုံနဲ့ သမုဒ္ဒရာ ဖန်တီးဖို့ လုံလောက်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် ရှိပြီးသား ဖြစ်ပါတယ်။
ကာဘွန်ကြွယ်ဝတဲ့ ခွန်ဒရိုက်တွေက အော်ဂန်းနစ်ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဥက္ကာခဲ မှာ ပါလာတဲ့ ဒြပ်ပေါင်းတွေက လေထုထဲကို ဖြတ်သန်းချိန်နဲ့ မြေပြင်နဲ့ ဝင်ဆောင့်ချိန်မှာ ကြုံရတဲ့ အပူချိန်ကို ခံနိုင်မှာ မဟုတ်ပါ။ ကမ္ဘာဖြစ်တည်ခါစမှာ ဂြိုဟ်မျက်နှာပြင်မှာ ရှိခဲ့ဖူးမယ့် ချော်ပင်လယ်ကြီး တွေကိုလည်း ခံနိုင်မှာ မဟုတ်ပါ။ သမုဒ္ဒရာရေက ဥက္ကာခဲတွေ ကမ္ဘာပေါ်ကို ဝင်ဆောင့်တဲ့အခါ ကူရှင် သဖွယ် ဆောင်ရွက်တာမို့ အထဲက အော်ဂန်းနစ် ဒြပ်ပေါင်းတွေ မပျက်စီး ရအောင် ကူညီပေးနိုင်တယ်။ ခွန်ဒရိုက်တွေက ဟိုက်ဒရိုဂျင် နဲ့ အော်ဂန်းနစ် ဒြပ်ပေါင်းတွေ ကြွယ်ဝပေမယ့် ကျောက်တုံးကို ရေညှစ် ရမှာ ဖြစ်လို့ ကြယ်တံခွန်လောက်တော့ မကြွယ်ဝပါ။ ကမ္ဘာပေါ်မှာ သမုဒ္ဒရာဖြစ်တည်ပြီးမှ သက်ဆင်းတဲ့ ခွန်ဒရိုက်ဥက္ကာခဲ ပမာဏကလည်း နည်းသွားပါပြီ။ အခုလို ကမ္ဘာပေါ်ကို ရောက်လာပြီပဲ ထားဦး၊ အော်ဂန်းနစ်ဒြပ်ပေါင်းတွေက သမုဒ္ဒရာရေထဲကို ပျော်ဝင်သွားတဲ့ မင်စက်ပမာ သက်ရှိ ဖြစ်ပေါ်ဖို့ လုံလောက်တဲ့ ပမာဏမရှိပါ။ ဒီတော့ ကမ္ဘာရဲ့ သက်ရှိပေါ်ပေါက်မှုကို သူတို့က အများကြီး အထောက်အပံ့ ဖြစ်စေခဲ့မှာ မဟုတ်ပါ။ သက်ရှိဟာ နေရာကျဉ်းကျဉ်းလေးမှာ အဲဒီလို ဒြပ်ပေါင်းတွေ အများကြီး အဆက်မပြတ် လိုအပ်ပါတယ်။ သက်ရှိ ပေါ်ပေါက်ပုံကို ရှင်းပြတဲ့ ရေပူစမ်း အနုမာနတွေ ကတော့ အော်ဂန်းနစ် ဒြပ်ပေါင်းတွေကို အစအဆုံး တည်ဆောက်မယ့် သဘာဝဖြစ်စဉ်တွေကိုသာ အသားပေး ဆွေးနွေးနေပါပြီ။ မြေကမ္ဘာရဲ့ ပင်ကိုသဘာဝ အသက်ဓာတ်ပေးနိုင်စွမ်းဟာ ရေနဲ့ သက်ရှိရဲ့ မူလအစအတွက် ကောင်းကင်ပေါ်က ကံကိုပုံရမယ့် ဖြေရှင်းချက်တွေထက် စိတ်လှုပ်ရှားစရာ ကောင်းလို့ နေပါတယ်။ သက်ရှိဟာ ကံကို မပုံပဲ ဖြစ်ပေါ်နိုင်တယ်ဆိုရင် ကမ္ဘာပြင်ပမှာ သက်ရှိတွေ ရှိနိုင်မယ့် ဖြစ်နိုင်ချေလည်း ပိုများသွားမယ် မဟုတ်ပါလား။
ကိုးကား



