နှောင်းကာလ ဥက္ကာမိုးသွန်းခဲ့သလား နှင့် ရေ နဲ့ သက်ရှိရဲ့ မူလအစ
-----
နေအဖွဲ့အစည်း ဖြစ်တည်ပြီးစမှာ ကမ္ဘာဟာ ဂြိုဟ်သိမ်၊ ဥက္ကာခဲတွေ အများကြီး ဝင်ဆောင့် ခံရပေမယ့်၊ ဂြိုဟ်ကြီးတွေ ဖြစ်လာပြီးတဲ့အခါ ဂြိုဟ်သိမ် တိုက်မိတဲ့နှုန်းက လျော့သွားတယ်။ ဒါပေမယ့် နေနဲ့ ကမ္ဘာတည်ပြီး နှစ်သန်း ၅၀၀ ကြာပြီးတော့မှ ဥက္ကာခဲတွေ ဝင်တိုက်တဲ့နှုန်းက ရုတ်တရက် မြင့်လာတယ်လို့ ဆိုတယ်။ နေအဖွဲ့အစည်း ဖြစ်တည်ပြီး အတန်ကြာမှ ဖြစ်ပေါ်တာမို့ အဲဒီ့ဖြစ်စဉ်ကို နှောင်းကာလ ဥက္ကာမိုးသွန်းဖြစ်စဉ် (Late Heavy Bombardment)၊ အတိုကောက် LHB လို့ ခေါ်ကြတယ်။
LHB ဖြစ်ခဲ့ကြောင်း အယူအဆဟာ လပေါ်က ကျောက်နမူနာတွေကနေ အရင်းခံပါတယ်။ အပိုလို လဆင်းယာဉ် ခရီးစဉ်တွေကနေ ရရှိတဲ့ ကျောက်နမူနာတွေကို သက်တမ်းတွက်တဲ့အခါ ကျောက် နမူနာ အများစုက လွန်ခဲ့တဲ့ နှစ် ၃.၈-၄.၁ ဘီလျံမှာပဲ ရှိတယ်လို့ ထွက်ပေါ်လာပါတယ်။ သုတေသီတွေက “လ”မှာ ဥက္ကာခဲတွေ အများကြီးနဲ့ နောက်ဆုံး အကြိမ် ဝင်တိုက်ခဲ့တာဟာ လွန်ခဲ့တဲ့နှစ် ၄.၅ ဘီလျံ ဝန်းကျင် မဟုတ်ဘဲ၊ နှစ်သန်း ၅၀၀ခန့် နောက်ကျနေတယ်လို့ ယူဆတယ်။ LHB ဖြစ်စဉ်က လရဲ့ လက်ရှိ မျက်နှာသွင်ပြင်ကို ထုဆစ်ခဲ့တဲ့ နောက်ဆုံး ဥက္ကာမိုးရွာခြင်းလို့ အဆိုပြုကြတယ်။ ကျောက် သက်တမ်း တွေက LHB ဖြစ်စဉ်ဟာ နှစ်သန်း (၂၀) ကနေ (၂၀၀) အထိ ရှည်ကြာခဲ့နိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ ရေနဲ့ လေက အမြဲတမ်း တိုက်စားနေတာကြောင့် အလားတူ ကျောက်ပေါက်မတွေ မရှိတော့ပါ။ လမှာ ရာသီဥတု မရှိသလောက် ဖြစ်တာကြောင့် ချိုင့်ခွက်တွေကို အတိုင်းသား မြင်နေရတာ ဖြစ်ပါတယ်။ ကမ္ဘာရဲ့ ရှေးဦးတိရစ္ဆာန်တွေအတွက် ကျောက်ဖြစ်ရုပ်ကြွင်းတွေ ရှိသလိုပဲ၊ လရဲ့ မျက်နှာပြင်ဟာလည်း နေအဖွဲ့အစည်းရဲ့ ကနဦးဖြစ်ရပ်တွေအတွက် ကျောက်ဖြစ်ရုပ်ကြွင်း သဖွယ်ပါပဲ။ လရဲ့ ချိုင့်ခွက်အားလုံးဟာ ဥက္ကာခဲ ဝင်တိုက်ဖူးတဲ့ အမှတ်အသားတွေ ဖြစ်တယ်။ ဥက္ကာခဲ ဝင်တိုက်ပြီးချိန် မှာ ချိုင့်ခွက်ထဲက ကျောက်သားဟာ ပူလွန်းတဲ့အတွက် အရည်ပျော်သွားပါတယ်။ ကျောက် အရည်ပျော်ပြီ ဆိုရင် သူ့ထဲက ဓာတ်ငွေ့တချို့ထွက်၊ အရည်ပျော်မှတ်နိမ့်တဲ့ ဒြပ်သားတချို့က ပျော်ထွက် သွားတယ်။
ကျောက်တွေကို သက်တမ်းတွက်တဲ့အခါ ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်တွေကိုရဲ့ အချိုးအဆ ပြောင်းလဲပုံကို အချိန် ဘယ်လောက်ကြာပြီဆိုပြီး တိုင်းထွာရတာဖြစ်တယ်။ ယူရေနီယမ် ကနေ ခဲသတ္တုကို ပြောင်းနေတယ်ဆိုရင် ယူရေနီယမ်နဲ့ ခဲ ဘယ်လောက်ကျန်သလဲ တိုင်းထွားတာပါ။ ယူရေနီယမ် များများကျန်ရင် သက်တမ်းနုတယ်။ ခဲများများရှိရင် သက်တမ်းရင့်တယ်ပေါ့။ သဲနာရီနဲ့ သဘောတရားချင်း တူပါတယ်။ ကျောက်သားထဲက ဒြပ်စင်တွေကို ဒီလို တိုင်းထွာရတာ ဖြစ်လို့၊ ကျောက်တွေ အရည်ပျော်ပြီး၊ ဓာတု အချိုးအစား ပြောင်းသွားတာအခါ သဲနာရီလည်း သုညကို ပြန်ရောက်သွားပါတယ်။ ဒါကြောင့် ရေဒီယိုသတ္တိကြွ ဒြပ်စင်ကို သုံးတဲ့ ကျောက်သက်တမ်း တွက်နည်း ဟာ မီးသင့်ကျောက် တစ်ခု အေးခဲဖြစ်တည်ချိန်ကို ညွှန်ပြပါတယ်။ ဒါကြောင့် လပေါ်က ချိုင့်ခွက်တွေကနေ ယူလာတဲ့ ကျောက်နမူနာတွေကို သက်တမ်းတွက်တဲ့အခါ အဲဒီ့ ချိုင့်ခွက်တွေကို ဖြစ်စေခဲ့တဲ့ ဥက္ကာခဲဝင်ဆောင့်မှုတွေမှာ ကျောက်တွေ အရည်ပျော်ပြီး ပြန်အေးခဲချိန်ကို ကျွန်တော်တို့ ပြန်သိရတာ ဖြစ်ပါတယ်။
သုတေသီတွေက ချိုင့်ခွက်တွေရဲ့ အသက်ကို အဲဒီ့နည်းနဲ့ တွက်နိုင်တာကြောင့် ဥက္ကာခဲ ကြီးငယ် ဝင်ဆောင့်တဲ့ ယေဘုယျ ကြိမ်နှုန်းကို တွက်ချက်နိုင်တယ်။ ဥက္ကာခဲ ကြီးကြီး ဝင်တိုက်ရင် လွင့်စင်လာတဲ့ အပိုင်းအစတွေကြောင့် ဘေးနှုတ်ခမ်း ပတ်လည်မှာ ချိုင့်ခွက်ငယ်တွေလည်း ဖြစ်ပေါ်စေတယ် မဟုတ်လား။ လပေါ်က ချိုင့်ခွက်တွေရဲ့ အဲဒီလို အနေအထားနဲ့ သိပြီးသား ချိုင့်ခွက်သက်တမ်းကို သုံးပြီး ကျွန်တော်တို့ သေချာ မလေ့လာရသေးတဲ့ တခြား ဂြိုဟ်တွေရဲ့ ချိုင့်ခွက် သက်တမ်းတွေကိုပါ ခန့်မှန်း နိုင်ပါတယ်။ ချိုင့်ခွက် သိပ်သည်းဆများလေ၊ အဲဒီ့ဂြိုဟ်မျက်နှာပြင်ရဲ့ သက်တမ်းရင့်လေပဲပေါ့။
ဒီသုတေသနတွေကနေ ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်မှာလည်း လနည်းတူ လွန်ခဲ့တဲ့ နှစ် ၄ ဘီလျံ ခန့်မှာ ဥက္ကာခဲတွေ အများကြီး ဝင်ဆောင့်ခံရတယ်လို့ တွေ့လာရတာကြောင့်၊ နေအဖွဲ့အစည်း အတွင်းပိုင်းကို ဂြိုဟ်သိမ် ဥက္ကာခဲတွေ ချဉ်းနင်းဝင်ရောက်ခဲ့ဖူးတယ်ဆိုတဲ့ LHB အယူအဆ ဖြစ်ပေါ် လာတာပါ။ LHB အယူအဆက နေအဖွဲ့အစည်းရဲ့ ယနေ့ခေတ် ဂြိုဟ်ပတ်လမ်းတွေ အထိုင်ကျခဲ့ပုံကို တွက်ချက်ပြထားတဲ့ နိစ်မော်ဒယ် (Nice model) နဲ့လည်း ချိတ်ဆက်တယ်။ နိစ် မော်ဒယ်မှာ နက်ပကျွန်း နဲ့ ယူရေးနပ်ဂြိုဟ်တွေဟာ ပတ်လမ်း နေရာချင်း လဲခဲ့တာကြောင့် နေအဖွဲ့အစည်း အပြင်ဘက်က ရေကြွယ်ဝတဲ့ ကြယ်တံခွန်တွေက အတွင်းဂြိုဟ်တွေဆီဘက်ကို လမ်းကြောင်းပြောင်းလာပြီး ဝင်ဆောင့် မိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ့တွက်ချက်မှုက LHB အတွက်လည်း အထောက်အထား ဖြစ်လို့ နေပါတယ်။
ရေဟာ နေကနေ အသင့်အတင့် ဝေးတဲ့ နေရာကျမှသာ ရေခဲအဖြစ် တည်ရှိခွင့် ရတာ ဖြစ်ပါတယ်။ အဲဒီ့နေရာကို ရေခဲမျဉ်းလို့ ခေါ်တယ်။ နေရှိန်ပြင်းတဲ့ ယနေ့ခေတ်မှာ ရေခဲမျဉ်းဟာ နေကနေ (၅) နက္ခတ္တယူနစ် (AU)၊ တနည်းအားဖြင့် နေမှ ကမ္ဘာ အကွာအဝေးရဲ့ ငါးပြန် အကွာအဝေးမှာ တည်ရှိ ပါတယ်။ နေအဖွဲ့အစည်း စတည်ချိန်က နေပျိုမှိန်မှာတော့ (၂.၇)ဆပဲ ရှိခဲ့တာပါ။
ကမ္ဘာအပါအဝင် အတွင်းဂြိုဟ်သုံးလုံး (ဗုဒ္ဓဟူး၊ သောကြာနဲ့ အင်္ဂါဂြိုဟ်တွေ) က ဘယ်တုန်းကမှ ရေခဲမျဉ်းပေါ်မှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်မှာ ရေရှိနေပါတယ်။ ကမ္ဘာမှာဆိုရင် မြေပြင်ပေါ်မှာကို ရေပမာဏ အမြောက်အများ ရှိနေတာပါ။ သုတေသီတွေကတော့ အဲဒီ့ရေဟာ ကမ္ဘာမှာ နဂိုတည်းက ရှိတာ မဟုတ်ဘဲ၊ ရေခဲမျဉ်းရဲ့ အပြင်ဘက်က ဥက္ကာခဲနဲ့ ကြယ်တံခွန်တွေဆီကနေ လာတာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ LHB အယူအဆနဲ့ ပူးပေါင်းမိထားတဲ့ နိစ်မော်ဒယ်က ညွှန်ပြတဲ့ အာကာသဝတ္ထု အမျိုးအစား ကလည်း ရေအလွန်ကြွယ်ဝမယ့် ကြယ်တံခွန်တွေ ဖြစ်နေတယ်။ ဒါကြောင့် သုတေသီတွေက အပြင်ဂြိုဟ်ကြီးတွေရဲ့ ပတ်လမ်း မတည်ငြိမ်မှုကြောင့် နေအဖွဲ့အစည်း အပြင်ဘက်က ကြယ်တံခွန်တွေ က ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တွေဆီကို လွန်ခဲ့တဲ့ နှစ် (၄) ဘီလျံခန့်မှာ လွင့်စင်ရောက်ရှိခဲ့ပြီး ကမ္ဘာ့ သမုဒ္ဒရာတွေကို ဖန်တီးခဲ့နိုင်တယ်လို့ ယူဆလာပါတယ်။

#ဆက်ရန်

image
image
image
image