အမေရိကန်စီးပွားရေး သုံးနှစ်အတွင်း ပထမဆုံးအကြိမ်ကျဆင်း၊ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ထရန့်အပြစ်တင်
ဝါရှင်တန်၊
မျိုးဆက်(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ကောက်ခံမှု အစီအစဉ်တွေကြောင့် အမေရိကန်စီးပွားရေးဟာ ယခုနှစ်ပထမသုံးလအတွင်း မထင်မှတ်ဘဲ ကျဆင်းသွားပြီး ဒီလိုစီးပွားရေးကျဆင်းမှုဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကြောင့်လို့ ထရန့်က ပြောပါတယ်။
ဒါဟာ သုံးနှစ်တာကာလအတွင်း နိုင်ငံဂျီဒီပီကျဆင်းမှု ပထမဆုံး သုံးလပတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သုည ဒဿမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ အချက်အလက်တွေက ဆိုပါတယ်။
ဒေါ်နယ်ထရန့်ကတော့ သူ့ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကြောင့် အမေရိကန်မှာ ရင်းနှီးမြုပ်နှံမှုတွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။ “ စီးပွားရေးကျဆင်းမှုက ဘိုင်ဒင်လို့ ပြောရမှာပဲ၊ ထရန့်မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငါတို့ဇန်နဝါရီလကမှ အစိုးရဖြစ်လာတယ်။ ဒါတွေဟာ သုံးလတကြိမ် ကိန်းဂဏန်းတွေဖြစ်ပြီး ဘိုင်ဒင်လု်ပခဲ့တာတွေကို ဆန့်ကျင်တယ် ” လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဂျီဒီပီရဲ့ သုံးပုံနှစ်ပုံကျော်ရှိတဲ့ စားသုံးသူ အသုံးစရိတ်ဟာ ၁ ဒဿမ ၈ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုထားပေမယ့် ဒါဟာ ယခင်သုံးလပတ် ၄ ရာခိုင်နှုန်းရှိခဲ့တာထက် သိသိသာသာ ကျဆင်းနေဆဲဖြစ်ပါတယ်။
သွင်းကုန်တွေဟာ ၂၀၂၄ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ ၁ ဒဿမ ၉ ရာခိုင်နှုန်းကျဆင်းသွားပေမယ့် လက်ရှိသုံးလပတ်မှာ ၄၁ ဒဿမ ၃ ရာခိုင်နှုန်းထိ အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ပြီး ဒါဟာ ထရန့်ရဲ့ အခွန်ကောက်ခံမှုတွေ မစတင်ခင် ဝယ်လိုအားရဲ့ အရှိန်အဟုန်ကို ထင်ဟပ်နေပါတယ်။
ဂျီဒီပီကျဆင်းမှုဟာ သွင်းကုန်ကြောင့် အများစုဖြစ်တတ်ပြီး စီးပွားရေးနှေးကွေးမယ့် အရိပ်လက္ခဏာမရှိသေးဘူးလို့ လေ့လာသူတွေက ဆိုထားပြီး ထရန့်ရဲ့ အခွန်ကောက်ခံမှုဟာ စားသုံးသူအသုံးစရိတ်နဲ့ အလုပ်အကိုင်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ကြီးထွားနေပါတယ်။

image