အိန္ဒိယမှာ မြွေသေကောင်ပါတဲ့ အစားအသောက်တွေစားပြီး ကလေးငယ် ၁၀၀ ကျော် နာမကျန်းဖြစ်
ဒေလီ၊ မေ-၂-၂၀၂၅
ရတီ(VOM)
အိန္ဒိယနိုင်ငံမှာ ကျောင်းသားကလေးငယ်တွေကို ကျွေးမွေးတဲ့အစားအစာထဲမှာ မြွေသေတကောင်တွေ့ရှိပြီးနောက် ကလေးငယ် ၁၀၀ ကျော် နာမကျန်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အိန္ဒိယလူ့အခွင့်အရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ထမင်းဟင်းချက်ပြုတ်သူဟာ မြွေသေကောင်ကို ဖယ်ရှားခဲ့ပေမယ့်လည်း နေ့လယ်စာကျွေးမွေးတာကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်အရေး ကော်မရှင်ကဆိုပါတယ်။ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် မိုကာမာမြို့မှာ ကလေးငယ် ၅၀၀ လောက်ကို ကျွေးမွေးခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ ကျောင်းသားတွေအတွက် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေအပါအဝင် အသေးစိတ်အစီရင်ခံစာကို နှစ်ပတ်အတွင်းပေးဖို့ ပြည်နယ်အာဏာပိုင်တွေကို ကော်မရှင်က တောင်းဆိုထားပါတယ်။
ကလေးငယ်အများစု ဖျားနာပြီးနောက် ဒေသခံတွေဟာ လမ်းတွေပိတ်ဆို့ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ စာသင်ကျောင်းတွေမှာ နေ့လယ်စာ အခမဲ့ကျွေးမွေးတဲ့အစီအစဉ်ကို ၁၉၂၅ ခုနှစ်အတွင်း ချန်နိုင်းက ဆင်းရဲသူတွေအတွက် စတင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အစားအသောက်တွေရဲ့ သန့်ရှင်းဘေးကင်းမှုအပေါ် တိုင်ကြားမှုတွေလည်းရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း ဘီဟာပြည်နယ်မှာ မသန့်ရှင်းတဲ့ အစားအစာတွေကြောင့် ကျောင်းသားကျောင်းသူ ၂၃ ယောက် သေဆုံးခဲ့ပြီး ဒါဟာ ပိုးသတ်ဆေးပါဝင်မှု အဆင့်အလွန်မြင့်မားတာတွေကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
