#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို လာမည့် မေ ၇ ရက်တွင် စတင်မည်
ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်တင်မြှောက်ပွဲကို ကာဒီနယ်ဆရာတော်ကြီးများက လာမည့် မေ ၇ ရက်တွင်စတင်ကျင်းပမည်ဖြစ်ကြောင်း ဗာတီကန်နန်းတော်က ဧပြီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဈာပနအခမ်းအနား ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပသော ကာဒီနယ်ဆရာတော်ကြီးများ တံခါးပိတ်ဆွေးနွေးပွဲတွင် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်တင်မြှောက်ပွဲကို မေ ၇ ရက်တွင် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီးသစ် ရွေးကောက်တင်မြှောက်ပွဲကို ၁၆ ရာစုခေတ်လက်ရာ စစ္စတိုင်းဘုရားကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း ဗာတီကန်နန်းတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂ဝဝ၅ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တို့တွင်ကျင်းပခဲ့ဖူးသော ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲများမှာနှစ်ရက်မျှသာ ကြာမြင့်ခဲ့သော်လည်း ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ရွေးချယ်ထားသော ကာဒီနယ်အများအပြားမှာ တစ်ဦးနှင့်တစ်ဦးမြင်ဖူး၊ တွေ့ဖူးသူများမဟုတ်ကြရာ မေ ၇ ရက်တွင် စတင်မည့် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲမှာရက်အတန်ကြာ ကြာမြင့်နိုင်ကြောင်း လေ့လာသူများကသုံးသပ်ထားသည်။
ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲတွင် ကမ္ဘာတစ်ဝန်း အသက် (၈၀) အောက်ကာဒီနယ်ဆရာတော် ၁၃၅ ပါးတို့က လျှို့ဝှက်မဲပေး၍ ပုပ်ရဟန်းမင်းကြီးသစ်ကို ရွေးချယ်ပေးရမည်ဖြစ်သည်။
၂ဝ၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခံခဲ့ရသော ပုပ်ဖရန်စစ်သည် နှလုံးခုန် ရုတ်တရက်ရပ်တန့်မှုနှင့် လေဖြတ်မှုတို့ကြောင့် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။
ရိုက်တာ

image