ကျွန်တော်တို့ ကမ္ဘာမြေကို အလင်းနဲ့ အပူစွမ်းအင်တွေ ပေးနေတဲ့ နေဟာ စကြာဝဠာထဲမှာတည်ရှိနေတဲ့ များပြားလှတဲ့ ကြယ်စင်တွေထဲက အလယ်အလတ်အရွယ်ရှိတဲ့ ကြယ်စင် တစ်စင်းသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နေအဖွဲ့အစည်း(Solar System)မှာ ပါဝင်တဲ့ နေမင်းကြီးဟာ လွန်ခဲ့တဲ့ နှစ်၄.၅ဘီလီီယမ်လောက်က စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ နေမင်းကြီး မဖြစ်ပေါ်ခင်မှာ နေအဖွဲ့အစည်းနေရာမှာ နက်ဗြူလာ(Nebula) လို့ ခေါ်တဲ့ ဓါတ်ငွေ့တိမ်တိုက်ကြီးတွေသာ ရှိခဲ့ပါတယ်။
ဒီ နက်ဗြူလာတိမ်တိုက်တွေထဲမှာ ပါဝင်တဲ့ ဒြပ်(Matter) တွေဟာ အချင်းချင်းဒြပ်ဆွဲအားကြောင့် တဖြည်းဖြည်းနဲ့ သိပ်သည်းကျစ်လျစ်လာပြီး ရလဒ်အနေနဲ့ အခုကျွန်တော်တို့ 'နေ' လို့ သိကြတဲ့ ကြယ်တစ်လုံး ဖွားမြင်လာခဲ့ပါတယ်။ နက်ဗြူလာတိမ်တိုက်တွေဟာသူတို့ဆီကနေ ကြယ်တွေကို မွေးဖွားပေးနေတယ်လို့ ဆိုရင်လဲ မမှားပါဘူး။
ကျွန်တော်တို့ရဲ့ နေတင်မဟုတ်ဘဲ၊ စကြဝဠာကြီးထဲမှာ ရှိတဲ့ တခြား တခြားသော ကြယ်တွေဟာလဲ နက်ဗြူလာတိမ်တိုက်တွေကနေပဲ စပြီး ဖြစ်ပေါ်လာကြပါတယ်။
ဒီမှာ မေးစရာရှိလာတာက ကြယ်တစ်လုံးဟာ ဘယ်လိုမျိုးရပ်တည်နေသလည်းဆိုတာပါ။ အဖြေကတော့ နျူးကလီးယားဖျူရှင်(Nuclear Fusion)လို့ ခေါ်တဲ့လောင်ကျွမ်းဒြပ်ပေါင်းခြင်းဖြစ်စဉ် ဖြစ်ပါတယ်။ အလွန်အားကောင်းတဲ့ ဒြပ်ဆွဲအား(Gravity) ကြောင့် ကြယ်တစ်လုံးရဲ့ အူတိုင်အတွင်းမှာ ရှိနေတဲ့ ဟိုက်ဒရိုဂျင်အက်တမ်(Hydrogen Atom) တွေဟာ အချင်းချင်းပေါင်းစည်းမိကြပြီး ဟီလီယမ်အက်တမ်(Helium Atom) တွေ ဖြစ်လာကြပါတယ်။ ဒီအခါ ရလဒ်အနေနဲ့ ပမာဏအလွန်များပြားတဲ့ စွမ်းအင်တွေ ထွက်လာပါတယ်။
ကြယ်အူတိုင်မှာ ရှိတဲ့ Nuclear Fusion ဟာ အပူစွမ်းအင်တွေကို မျက်နှာပြင်အလွှာအထိရောက်အောင် ထုတ်လွှတ်နေပါတယ်။ စွမ်းအင်တွေဟာ အူတိုင်ရဲ့ အပြင်ဘက်ကို ဦးတည်ပြီး ထွက်လာနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ကြယ်တစ်လုံးရဲ့ ဒြပ်ဆွဲအားဟာ ဒြပ်ထု(Mass) များရင် များသလောက် အတွင်းဘက်ကို ဦးတည်ဆွဲနေပြန်ပါတယ်။ အူတိုင်ရဲ့ အပြင်ဘက်ကို ဦးတည်ပြီး ထွက်လာနေတဲ့ စွမ်းအင်တွေနဲ့ အူတိုင်ရဲ့ အတွင်းဘက်ကို ဆွဲငင်နေတဲ့ ဒြပ်ဆွဲအားဟာ မျှခြေဖြစ်နေမှာပါ။ ရလဒ်အနေနဲ့ ကြယ်တစ်လုံးဟာ အာကာသထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေနိုင်ပါတယ်။
ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို ကြယ်တစ်လုံးဟာ ဘယ်အချိန်ကျရင် ပေါက်ကွဲထွက်သွားတာလဲ။ ကြယ်ရဲ့ အူတိုင်မှာ ရှိနေတဲ့ လောင်စာကုန်သွားတဲ့ အချိန်ပါ။ Nuclear Fusion ဖြစ်ဖို့ဆိုရင် ဒြပ်စင်တစ်မျိုးဟာ အခြားဒြပ်စင်တွေဖြစ်လာအောင် ပေါင်းစည်းနိုင်မှ ရပါတယ်။
ကြယ်တွေမှာ သူတို့အတွက် လောင်စာကုန်သွားလို့ Nuclear Fusion မရှိတော့ဘူးဆိုရင် ဒြပ်ဆွဲအားကို ဆန့်ကျင်မဲ့ အားလဲ မရှိတော့ပါဘူး။ အပြင်ဘက်ကို တွန်းကန်ပေးမဲ့ အားမရှိတော့တဲ့အတွက်၊ ကြယ်ဟာ ဒြပ်ဆွဲအားကြောင့် အတွင်းဘက်ကိုပဲ တဖြည်းဖြည်းနဲ့ ကျုံ့ဝင်လာပါတယ်။ အလွန်ကို များပြားလွန်းတဲ့ အားနဲ့ အတွင်းဘက်ကို ဖိသိပ်ခံရပြီးတဲ့နောက်မှာ ကြယ်တစ်လုံးဟာ အပြင်ဘက်ကို စွမ်းအင်တွေ ဖြာထုတ်ပစ်လိုက်ပါတယ်။ ဒီလို စွမ်းအင်ဖြာထွက်သွားခြင်းကို စူပါနိုဗာပေါက်ကွဲခြင်း(SuperNova Explosion) လို့ ခေါ်ပါတယ်ဗျ။
SuperNova ပေါက်ကွဲမှုများ ဟာ ကြယ်တွေကို မွေးဖွားပေးနေတဲ့ နက်ဗြူလာတိမ်တိုက်(Nebula) တွေနဲ့လဲ အဆက်အနွယ်အချို့ ရှိပါသေးတယ်။
တချို့သော နက်ဗြူလာတွေဟာ SuperNova ဖြစ်စဥ်ကြောင့် ဖြာထွက်လာတဲ့ ဓါတ်ငွေ့တွေကနေ တစ်ဆင့် ဖြစ်ပေါ်လာကြပါတယ်။ တချို့သော နက်ဗြူလာတွေကျတော့ အသစ်အသစ်သော ကြယ်တွေကို မွေးဖွားပေးနေတဲ့ ဒေသတွေပါ။ ဒီလို ကြယ်အသစ်တွေကို ဖြစ်ပေါ်လာစေတဲ့ နက်ဗြူလာအမျိုးအစားကို ‘Star Nurseries’ လို့ ခေါ်ပါတယ်။ ကြယ်တွေကို မွေးဖွားပေးတဲ့ ဌာနတွေပေါ့ဗျာ။ ဒီလို ‘Star Nurseries’ နက်ဗြူလာတွေကနေ တစ်ဆင့် ကြယ်တွေဟာ ဘဝ သံသရာကို တစ်ဖန် ပြန်လည် စတင်ကြပါတယ်။
လူသိများထင်ရှားတဲ့ ‘Star-forming Nebula’ (သို့) ‘Star Nurseries Nebula’ တွေကတော့ အော်ရီရော်နက်ဗြူလာ(Orion Nebula)၊ ကဏန်းနက်ဗြူလာ(Crab Nebula)၊ သိမ်းနက်ဗြူလာ(Eagle Nebula) တို့ပဲ ဖြစ်ပါတယ်။ မှတ်တမ်းတင်ထားခဲ့သမျှထဲမှာ ဟီးလက်စ်နက်ဗြူလာ(Helix Nebula) ဟာ ကမ္ဘာနဲ့ အနီးဆုံး နက်ဗြူလာတစ်ခု ဖြစ်ပါတယ်။ ဒီနက်ဗြူလာတွေဟာ ကြယ်တစ်ခုနဲ့ တစ်ခုအကြားက ‘Interstellar Space’ လို့ ခေါ်တဲ့ အာကာသနေရာလွတ်တွေမှာ ရှိနေတတ်ကြပါတယ်။ အာကာသချစ်သူတွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ အလှတရားတွေပေါ့။ ဒီနက်ဗြူလာတွေကနေ စပြီး ကြယ်တွေဟာ တစ်ဖန် ပြန်လည်မွေးဖွားလာကြပါတယ်။
သက်ရှိတို့ရဲ့ မွေးဖွားခြင်း၊ သေဆုံးခြင်း သံသရာဟာ ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာပဲ ဖြစ်တည်နေတာ မဟုတ်ဘဲ၊ စကြဝဠာထဲက ကြယ်စင်တွေမှာပါ ဖြစ်တည်နေပါတယ်။ အံဩစိတ်ဝင်စားစရာ ဆန်းကြယ်လှတဲ့ စကြဝဠာကြီးပဲ မဟုတ်လားခင်ဗျာ။
photo 1
SuperNova Explosion - Fusion ဖြစ်စဥ်မှာ ဟိုက်ဒရိုဂျင်ကနေ ဟီလီယမ် အဖြစ်ကို ပေါင်းစည်းကြပါတယ်။ ဒြပ်စင်တွေဟာ အိုင်းယွန်း(Iron) ဖြစ်တဲ့အထိ အဆင့်ဆင့်ပေါင်းစည်းလာကြပါတယ်။ အိုင်းယွန်းဟာ တခြားဒြပ်စင်အဖြစ်သို့ ဖျူရှင်မဖြစ်နိုင်တော့တဲ့အတွက် Nuclear Fusion ဖြစ်စဥ်ဟာလဲ ဒီအဆင့်မှာပဲ ရပ်တန့်သွားပါလိမ့်မယ်။ ဒီအခါ ဒြပ်ဆွဲအားကြောင့် ကြယ်ဟာ တဖြည်းဖြည်းနဲ့ အတွင်းဘက်ကို ကျုံ့လာပြီး နောက်ဆုံး စွမ်းအင်နဲ့ ရောင်ခြည်များစွာဟာ ဖြာထွက်ပေါက်ကွဲသွားပါတယ်။
photo 2
White Dwarf (ကြယ်ဖြူပု) - ကြယ်တစ်လုံးဟာ SuperNova ပေါက်ကွဲမှု ဖြစ်ပြီးသွားတဲ့အခါ မူလကြယ်နေရာမှာ White Dwarf လို့ခေါ်တဲ့ ကြယ်ဖြူပုလေးတစ်လုံး ကျန်ရစ်ခဲ့ပါတယ်။ ပမာဏများပြားလွန်းအောင် သိပ်သည်းပြီးတော့ စကြဝဠာထဲမှာ အသိပ်သည်းဆုံးအရာလို့တောင် သတ်မှတ်ကြပါတယ်။ White Dwarf ဟာ မူလကြယ်ထက် အရွယ်အစားသေးငယ်ပေမဲ့ မူလကြယ်ထက် သိပ်သည်းခြင်း(Density) ပိုများပါတယ်။

