UFC Legacy Belt အကြောင်း သိကောင်းစရာ
UFC အဖွဲ့အစည်းရဲ့ ၁၉၉၃ ခုနှစ်မှ တည်ထောင်ခဲ့ပေမယ့် အစောပိုင်းမှာ မအောင်မြင်သေးဘဲ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာကျော်လာခဲ့ပါတယ်။ UFC အဖွဲ့အစည်းမှာ ကစားသမား (၁,၈၂၁) ဦးရှိပြီး ချန်ပီယံ (၁၂) ဦးရှိပါတယ်။
UFC အဖွဲ့အစည်းမှာ ယှဉ်ပြိုင်ခွင့်ရဖို့ဆိုတာ ကစားသမားတွေအတွက် အိပ်မက်ပါပဲ။ UFC Roster ထဲပါနေရင် ဆရာကြီးဖြစ်နေပြီ။ ချန်ပီယံဖြစ်ရင် အတိုင်းထက် အလွန်ပေါ့လေ။ သန်းကြွယ်သူဌေးဖြစ်ပြီမလား။ UFC အဖွဲ့အစည်းရဲ့ ပထမဆုံးချန်ပီယံက Mark Coleman ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ UFC Heavyweight Champion ဖြစ်လာပါတယ်။ ဒီဘက်ခေတ်ရဲ့ ဝိတ်တန်းအသီးသီးမှာ ကမ္ဘာ့ချန်ပီယံတွေ အများကြီးပေါ်ထွက်ခဲ့သလို UFC အဖွဲ့အစည်းက ခါးပတ်တွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ နာမည်မျိုးစုံပေးခဲ့ကြတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/2Ntxx4R ကြည့်ပါ။
လက်ရှိခါးပတ်ရဲ့ နာမည်က UFC Legacy Championship Belt ဖြစ်ပြီး (၃၃၃,၀၀၀) ဒေါ်လာတန်တယ်။ အမျိုးသားတွေအတွက် ဝိတ်တန်း (၈) ခုနဲ့ အမျိုးသမီးတွေအတွက် ဝိတ်တန်း (၃) ခုဆိုတော့ စုစုပေါင်း ဝိတ်တန်း (၁၁) ခုမှာ UFC အဖွဲ့အစည်းက ခါးပတ်လုပ်ပေးရပါတယ်။ ခါးပတ်ဖိုးတင် မနည်းကုန်တယ်။ ခါးပတ်အကြောင်းကို Dana White က ESPN ရုပ်သံလိုင်းမှာ ရှင်းပြဖူးပြီး စိတ်ဝင်စားရင် ဒီမှာ bit.ly/3dAAlaO ကြည့်ပါ။ ခါးပတ်ပေါ်က သင်္ကေတတွေအကြောင်းကို အခုဆောင်းပါးမှာ တင်ဆက်ပေးပါမယ်။ [ဖတ်ရန် ကြာချိန် (၅) မိနစ်]
လက်ရှိခါးပတ်ရဲ့ နာမည်က UFC Legacy Championship Belt ဖြစ်ပါတယ်။ အရင်က UFC Classic Championship Belt ရှိတာ ရှိခဲ့ဖူးတယ်။ ခါးပတ်အဟောင်းကို ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းမှာ ပေးခဲ့တာပါ။ လက်ရှိခါးပတ်က အရင်ခါးပတ်ထက် (၃) ဆအထိ ကျန်ကျစရိတ် ပိုများတယ်။ ၂၀၁၉ ခုနှစ်မှာ UFC Legacy Championship Belt ကို စတင်မိတ်ဆက်ခဲ့တယ်။ UFC အဖွဲ့အစည်းရဲ့ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်ပါ။ တိတိကျကျပြောရရင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်မှာ ကျင်းပခဲ့တဲ့ UFC Fight Night 143 ပြိုင်ပွဲမှာ UFC Legacy Championship Belt ကို စပေးခဲ့ပါတယ်။ Henry Cejudo က TJ Dillashaw ကို အလဲထိုးပြီး UFC Legacy Championship Belt ကို ပထမဆုံးပိုင်ဆိုင်သွားပါတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/383THny ကြည့်ပါ။
UFC Legacy Championship Belt က အလျား (၅၀) လက်မနဲ့ အမြင့် (၁၂) လက်မတဲ့။ အလယ်မှာရှိတဲ့ ခါးပတ်ပြားက အလျား (၁၁.၅) လက်မနဲ့ အမြင့် (၉.၅) လက်မရှိပါတယ်။ ခါးပတ်ရဲ့ အလေးချိန်က (၁၀.၄၅) ပေါင်တဲ့။ Unit Conversation အတိုင်း တွက်ချက်လိုက်ရင် (၄.၇၅) ကီလိုဂရမ်ဆိုတော့ (၂) ပိဿာ (၉၀) သား လေးမယ်။ ခါးပတ်က ခြေဖမိုးပေါ်ပြုတ်ကျတာရင် ခြေထောက်ကို ကျောက်ပတ်တီးစီးရမယ့်ကိန်းပါ။
ခါးပတ်အလယ်ပြား
ခါးပတ်အလယ်ပြားမှာ နိုင်ငံတော် အလံ (၈) ခုပါမယ်။ ချန်ပီယံတွေရဲ့ ပထမဆုံးမိခင်မြေ (၈) နိုင်ငံပဲ။ အမေရိကန်အလံ (Mark Coleman - UFC Heavyweight Champion) ၊ ကနေဒါအလံ (Carlos Newton - UFC Welterweight Champion) ၊ ဘရာဇီးအလံ (Murilo Bustamante - UFC Middleweight Champion) ၊ နယ်သာလန်အလံ (Bas Rutten - UFC Heavyweight Champion) ၊ ပိုလန်အလံ (Joanna Jedrzejczyk - UFC Women's Strawweight Champion) ၊ ဘီလာရုအလံ (Andrei Arlovski - UFC Heavyweight Champion) ၊ ဗြိတိန်အလံ (Michael Bisping - UFC Middleweight Champion) နဲ့ အိုင်ယာလန်အလံ (Conor McGregor - UFC Featherweight Champion) တွေ ဖြစ်ကြပါတယ်။ ချန်ပီယံတွေရဲ့ စွမ်းဆောင်ရည်ကြောင့် မိခင်အလံတွေ ခါးပတ်မှာ ပါဝင်ခွင့်ရတာ နိုင်ငံအတွက် ဂုဏ်ယူစရာပါ။ နိုင်ငံတော်အလံတွေနဲ့အတူ ရတနာ (၂၅) လုံးက အကွက်ကျ ပါသေးတယ်။ အဲဒါက UFC အဖွဲ့အစည်းရဲ့ (၂၅) နှစ်ပြည့်ကို ကိုယ်စားပြုတာပါ။
ရတနာတွေကို ကိုရီးယားစိန် White Cubic Zirconia နဲ့ ပတ္တမြားတွေ ပေါင်းစပ်ထားပါတယ်၊ ခါးပတ်က အကုန်အကျများသွားတာ အဲဒါတွေကြောင့်ပါ။ အောက်ခြေမှာ ထွင်းထားတဲ့ MCMXCIII ဆိုတာ UFC အဖွဲ့အစည်းကို တည်ထောင်တဲ့ ၁၉၉၃ ခုနှစ်ကို ရောမဂဏန်းအတိုင်း ရေးထားတာပါ။ UFC Logo ကို ရွှေသားအတိ လုပ်ထားရုံမက ပြောင်နေအောင် အရောင်တင်ထားသေးတယ်။ UFC Logo ရဲ့ အောက်ခြေမှာ (၈) ထောင့်နဲ့ (၄) ထောင့်ကို အခြေခံထားတယ်။ (၈) ထောင့်မှာ မျဉ်း (၂၅) ကြောင်းအထိ ပါဝင်တယ်။ အဲဒါက UFC အဖွဲ့အစည်းရဲ့ (၂၅) နှစ်ပြည့် ငွေရတုကို ကိုယ်စားပြုတာပါ။ (၄) ထောင့်မှာ မျဉ်း (၈) ကြောင်း ပါဝင်ပြီး သံဇကာ (၈) ထောင့်ကို ရည်ရွယ်ပါတယ်တဲ့။
ခါးပတ်ဘယ်ဘက်ပြား
ခါးပတ်ဘယ်ဘက်ပြားက ချန်ပီယံတွေအတွက် သီးသန့်လုပ်ပေးတာပါ။ နာမည်နဲ့ ဝိတ်တန်းကို ရေးပေးထားတယ်။ အပေါ်မှာ ကိုယ်စားပြုနိုင်ငံကို ထပ်ရေးပေးပြီး တော်တော်ကို အသေးစိတ်ကျတာပါ။ ဥပမာ - Islam Makhachev ၊ UFC Lightweight Champion ၊ Russia ပေါ့။ အဲဒါတွေကို ရတနာ (၈) လုံးက စီခြယ်ထားတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရင် ရတနာ (၁) လုံးနေရာမှာ ပတ္တမြား (၁) လုံး ပြောင်းပေးတယ်။ ချန်ပီယံဘွဲ့ကို ကာကွယ်ခဲ့တဲ့ ရက်စွဲနဲ့ တည်နေရာကို ထပ်ဖြည့်ထားတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်မတိုင်ခင် ချန်ပီယံဘွဲ့တွေကို ကာကွယ်ခဲ့ရင် UFC Legacy Championship Belt မှာ အကျုံးမဝင်ပါဘူး။ ခါးပတ်သက်တမ်းအရပဲ စရေတွက်တာပါ။ ချန်ပီယံဘွဲ့ကို အကြိမ်ရေများများ ကာကွယ်နိုင်ရင် ပတ္တမြားတွေ များလာလေပဲ၊ (၈) ကြိမ်အထိ ကာကွယ်နိုင်ရင် မူလ ရတနာ (၈) လုံးနေရာမှာ ပတ္တမြား (၈) လုံး ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့်မို့ Valentina Shevchenko ရဲ့ ခါးပတ်မှာ ပတ္တမြားတွေ အများကြီးဖြစ်နေတာပါ။ အလျား (၄.၂၅) လက်မနဲ့ အမြင့် (၄.၂၅) လက်မ ရှိပြီး စတုရန်းပုံစံဖြစ်ပါတယ်။ ခါးပတ်ဘယ်ဘက်ပြားနဲ့ ခါးပတ်ညာဘက်ပြားတို့က အရွယ်အစား တူပါတယ်။

