#နိုင်ငံတကာသတင်း
◼အမေရိကန်နှင့်ကုန်သွယ်ရေးပဋိပက္ခကျယ်ပြန့်လာစဉ်အတွင်း အရှေ့‌တောင်အာရှသို့ တရုတ်သမ္မတ ခရီးဆန့်မည်
အမေရိကန်နှင့်ကုန်သွယ်‌ရေးတင်းမာမှုများ အရှိန်မြင့်လာစဉ် တရုတ်၏ အရင်းနှီးဆုံးအိမ်နီးချင်းတချို့နှင့် ဆက်ဆံရေးခိုင်မာစေရန် ယခုနှစ်အတွင်း ၎င်း၏ ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အဖြစ် သမ္မတ ရှီကျင့်ဖျင်က လာမည့်သီတင်းပတ်တွင် အရှေ့တောင်အာရှသုံးနိုင်ငံ သို့သွားရောက်မည်ဖြစ်သည်။
ရှီကျင့်ဖျင်သည် ဧပြီ ၁၄ ရက်မှ၁၅ ရက်တွင်ဗီယက်နမ် ၊ ဧပြီ ၁၅ ရက် မှ ၁၈ ရက် အထိ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ သွားရောက်မည်ဖြစ် ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ယခုနှစ်စပိုင်းတွင် ဒေါ်နယ်ထရန့်အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း စုစုပေါင်း အခွန် ၁၄၅ ရာခိုင်နှုန်းစည်းကြပ်ခံထားရပြီးဖြစ်သော တရုတ် က ၎င်းတို့ကဲ့သို့ပင် ဝါရှင်တန်၏ ကုန်သွယ်ခွန်များ အဆမတန် ချမှတ်ခံထားရသော နိုင်ငံများနှင့် ဆက်ဆံ‌ရေး တိုးမြှင့်ရန် အလျင်အမြန် လုပ်ဆောင်နေသည်။
တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကို နက်ုင်း အောင်လုပ် ဆောင် သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ က ယခုသီတင်းပတ် စောစောပိုင်းတွင် ပြောကြားခဲ့သည်။
ရှီကျင့်ဖျင်၏ အရှေ့တောင်အာရှ အလည်အပတ်ခရီးစဉ်အတွင်း သီးသန့်ဆောင်းပါးများ တင်ဆက်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းကဖော်ပြပြီး ၎င်းတို့ထဲတွင် “တရုတ်နှင့်မလေးရှားကြားက စီးဆင်းနေသောရေကို မဖြတ်တောက်နိုင်” ၊ “ရှီကျင့်ဖျင်နှင့်ကမ္ဘောဒီယားမိတ်ဆွေရင်းခြာများ” စသည်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံမှလွဲ၍ အခြားနိုင်ငံများအပေါ် ချမှတ်ထားသော အခွန်များကို ဆိုင်းငံ့ကြောင်း ဒေါ်နယ်ထရန့်၏ ယမန်နေ့ကြေညာမှု မတိုင်မီကပင် အမေရိကန်၏ကြီးလေးသော အခွန်များအပေါ် ဘုံရပ်တည်မှုတစ်ခု ထားရှိရေးအတွက် ဒေသဆိုင်ရာ နိုင်ငံပေါင်းစုံအဖွဲ့များအား ပေကျင်းက သိမ်းသွင်းစည်းရုံးခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် တရုတ်ဝန်ကြီးချုပ် လီချန်း က ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယန်း အား ဖုန်း နှင့် ဆက်သွယ်ခဲ့ပြီး လွတ်လပ် ၊ တရားမျှတပြီး ခိုင်မာစွာပြုပြင်ပြောင်းလဲထားသော ကုန်သွယ်ရေးစနစ်တစ်ရပ်အား ထောက်ခံ‌ရေးအတွက် ဥ‌ရောပနှင့်တရုတ်တို့တွင် တာဝန်ရှိကြောင်း အလေးအနက်ထားပြောကြားခဲ့ကြသည်။
ထို့ပြင်တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင်ကလည်း ဥရောပသမဂ္ဂကုန်သွယ်ရေးကော်မရှင်နာ အပြင် မလေးရှား ၊ ဆော်ဒီအာ‌ရေးဗီးယား ၊ တောင်အာဖရိကတို့မှ ကုန်သွယ်ရေးဝန်ကြီးများအား ဗီဒီယိုကောလ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image