ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတိုနှင့်အတူ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ အာဟစင်တာမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ
********
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် အတူ ငလျင်ဘေး ကယ်ဆယ်ထူထောင်ရေးဆောင်ရွက်နေကြသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ အာဟစင်တာမှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော် Jasmine Hotel ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အာဟစင်တာ အမှုဆောင်ညွှန်ကြားရေးမှူး၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ကျန်းမာရေးဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ငလျင်ဘေးတွေ့ကြုံပြီး (၉)ရက်မြောက်နေ့အထိ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေများ၊ လိုအပ်ချက်များ၊ ပြန်လည်ရေးထူထောင်ရေးအဆင့်တွင် လိုအပ်လာမည့် ကျန်းမာရေးဆိုင်ရာ၊ ရေ၊ မီး စသည့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များကို တင်ပြခဲ့ကြပါသည်။
အဆိုပါတင်ပြချက်များအပေါ် အခြေခံကာ ကျန်းမာရေးသုံးပစ္စည်းများနှင့် ဆေးဝါးများ၊ ရွှေ့ ပြောင်းနိုင်သည့် ဆေးခန်းနှင့် ခွဲစိတ်ခန်းများ၊ ရေ၊ မီး အစရှိသည့် အခြေခံအဆောက်အအုံ၊ ယာယီရွက်ဖျင်တဲများ၊ ခြင်ထောင်များ စသည့် အထောက်အပံ့ပစ္စည်းများ ဦးစားပေးရယူပံ့ပိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်သည့် လုပ်ငန်းစဉ်သို့ ကူးပြောင်းမှု ချောမွေ့စေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး မြန်မာ၊ မလေးရှားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
