2 ပတ် - ဘာသာပြန်ပါ။

သကြားမုန်လာ စိုက်ပျိုးနည်း

သကြားမုန်လာပင် ခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဘီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်း စသည်တို့နှင့် မျိုးရင်းချင်း မတူသည့်ပြင် မုန်လာဥဝါ နှင့်လည်း မျိုးရင်းချင်း မတူချေ။ သကြားမုန်လာပင်သည် မူလက ကက်စပျန်ပင်လယ် ဒေသတွင် အလေ့ကျပေါက်သည်။ ရှေးနှစ်ပေါင်းနှစ်ထောင်လောက်ကတည်းက ယင်းကို လူတို့သည် အစာ အဖြစ် စိုက်ပျိုးလာခဲ့ကြသည်။ သကြားမုန်လာပင်၏ အဖြူရွက်စိမ်းကြီး များသည်ထူ၍ အရည်ရွှမ်း၏။ ဥများမှာ အဖြူမှ အနီရင့်ရင့်ထိ အရောင်အမျိုးမျိုးရှိကြသည်။ အချို့ ဥများမှာ ဘောလုံးကဲ့သို့ လုံး၍ အချို့မှာကျင်ပုံသဏ္ဌာန်ရှိပြီးလျှင် အချို့ကား ရှည်မျောမျော ရှိလေ သည်။

သကြားမုန်လာပင်သည် ၂ နှစ်ခံ ပင်မျိုးဖြစ်၍ ၂ နှစ်၊ သို့မဟုတ် ၂ ရာသီ အသက်ရှင်နေသော အပင်မျိုးဖြစ်သည်။

အစေ့ များကို စိုက်ပျိုးပြီးသည်နောက် ရက်ပေါင်း ၇ဝ အတွင်းတွင် ဥများကို စားနိုင်သည်။ သကြားမုန်လာပင်များကို အပင်စာသိုမှီးထား သောအမြစ် (ဥ) များအတွက် စိုက်ပျိုးကြရာ၊ ဥများမထိမနာအောင် ပြောင်းရွှေ့စိုက်ရန် မဖြစ်နိုင်သဖြင့် စိုက်ခင်းများကို ကောင်းစွာဂရုစိုက်၍ ပြုပြင်ရလေသည်။

မြေဩဇာကောင်းသော မြေနုမြေပွများ၌ ကောင်းစွာ ဖြစ်ထွန်းကြသည်။ ဤသကြားမုန်လာပင်၏ မျိုးစေ့ကို မစိုက်ပျိုးမီရေနွေးတွင် နာရီ အနည်းငယ် စိမ်ထားပြီးမှ စိုက်ပါက ရိုးရိုးစိုက်သည်ထက် ပို၍ မြန်စွာပေါက်သည်။

ဥများကောင်းစွာဖြစ်ထွန်းစေရန် တစ်တန်းနှင့်တစ်တန်း ၉ လက်မမှ ၁၂ လက်မအထိ ခွာပြီးလျှင် တစ်ပင်နှင့် တစ်ပင်လည်း ၆ လက်မအထိ ကွာအောင်စိုက်၍အပင်ညံ့များကို နုတ်ပေးရသည်။

#crd
#greengarden

image