ကင်မရာပါတဲ့ နာရီတွေ Apple ဖန်တီးနေ
Apple Watch တွေက နောက်ဆို ကင်မရာပါတဲ့ AI နာရီတွေ ဖြစ်လာနိုင်ပါတယ်။
Apple အကြောင်း ရေးတဲ့ Bloomberg က မာ့ခ်ဂါးမန်းကတော့ ၂၀၂၇ မှာ ကင်မရာ built-in ပါမယ့် Apple Watch မော်ဒယ်သစ်တွေ ထွက်မယ်လို့ ပြောလာပါတယ်။
ဂါးမန်းပြောပုံအရ Apple ဟာ နောက်ထွက်မယ့် Watch Series ရဲ့ screen area ထဲမှာ ကင်မရာတစ်လုံး ထည့်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ Apple Watch Ultra သစ်ရဲ့ Digital Crown ဘေး ညာဘေးဘောင်မှာ ကင်မရာ ပါမယ်လို့ ဂါးမန်းက တွက်ထားတာပါ။
ဒီကင်မရာနဲ့ FaceTime သုံးလို့ ရဖို့တော့ မရှိပါဘူး။ နာရီမှာ ကင်မရာတပ်တဲ့ Apple ရဲ့ ရည်ရွယ်ချက်က Apple Watch သစ်တွေမှာ Visual Intelligence လို့ ခေါ်တဲ့ အနီးနားက အရာဝတ္ထုတွေ ၊ နေရာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အမြန်သိနိုင်တဲ့ နည်းပညာ ထည့်သွင်းဖို့ပါ။
ဥပမာ - စားသောက်ဆိုင်ဘေး ဖြတ်သွားရင်းနဲ့ ဒီဆိုင်ဘယ်အချိန် ဖွင့်လဲတို့ ဒီဆိုင်ကို လူတွေ rating ဘယ်လောက် ပေးကြလဲတို့ကို ဆိုင်ထဲ ဝင်စရာမလိုဘဲ နာရီနဲ့ ဆိုင်ကို point ထောက်လိုက်ရုံနဲ့ အချက်အလက်တွေ သိတာမျိုးပါ။
Visual Intelligence က မနှစ်က ထွက်တဲ့ iPhone 16 စီးရီးတွေမှာ ပါပြီးသားပါ။ iOS 18.4 မှာ iPhone 15 Pro model တွေလည်း ဒီ feature ရလာပါတယ်။ သတင်းတွေအရဆို Apple က နောက်ထွက်မယ့် AirPods တွေပါ အသေးစားကင်မရာလေးတွေ တပ်သွားမယ်လို့ ကြားထားပါတယ်။
ကြည့်ရတာ Apple က သူ့ product ecosystem ကို AI ထုတ်ကုန်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ကြံစည်ထားပုံပါပဲ။
