#မြေငလျင်သတင်းအချက်အလက်
◼ငလျင်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာဟု နစက ထုတ်ပြန်
ငလျင်ဘေးဒဏ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ တစ်ထောင်ကျော်ရှိလာကြောင်း နစကမှ ယနေ့(မတ် ၂၉ ရက်)မွန်းလွဲပိုင်းတွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အသိပေးချက် ထုတ်ပြန်ခဲ့သည်။
နစက၏ထုတ်ပြန်ချက်တွင် လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသည့် စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူစုစုပေါင်း ၁၀၀၂ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၇၆ ဦး နှင့် ပျောက်ဆုံးနေသူ ၃၀ ဦးရှိကြောင်း၊အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။၊
ယမန်နေ့(မတ် ၂၈ ရက်)တွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင် နှင့် နောက်ဆက်တွဲမြေငလျင်လှုပ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ) နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် လူထိခိုက်သေဆုံးမှုများရှိခဲ့ပြီး နစကမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေ အဖြစ်သတ်မှတ်ကြေညာခဲ့သည်။
“ထုတ်ပြန်တဲ့ ထိခိုက်သေဆုံးစာရင်းက မြေပြင်နဲ့ကွာဟမှုကရှိတာပေါ့။မြေပြင်မှာ မြို့နယ်တစ်ခုမှာတင် ထိခိုက်တာသေဆုံးတာမနည်းဘူးလေ။ အခုချိန်ထိ ပျောက်နေတဲ့လူတွေလည်းရှိတုန်းပဲ။အခုက လူမှုကူညီရေးအဖွဲ့တွေလည်း အများကြီး ကယ်ဆယ်ရေးလုပ်နေတုန်းမို့လို့ အတိအကျ ကျွန်တော်တို့လည်းပြောလို့မရပါဘူး။ အကုန်လုံးလည်း ရှင်ကျန်တဲ့လူရှိမလား ရှာဖွေနေတာမို့အလုပ်ရှုပ်နေကြတယ်”ဟု နေပြည်တော်တွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
နစကဥက္ကဌမှ ယမန်နေ့ (မတ် ၂၈ ရက်)ညနေပိုင်းတွင် အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးမှုများအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင် ၉၆ ဦး၊ စစ်ကိုင်းမြို့တွင် ၁၈ ဦး၊ ကျောက် ဆည်မြို့တွင် ၃၀ ဦး စုစုပေါင်း ၁၄၄ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများမှာ နေပြည်တော်ကောင်စီနယ်မြေတွင် ၄၃၂ ဦး၊ စစ်ကိုင်းမြို့တွင် ၃၀၀ ဦး စုစုပေါင်း ၇၃၂ရှိပြီး ကျောက်ဆည်မြို့တွင် လူဦးရေ စိစစ်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယနေ့(မတ် ၂၉ ရက်)နံနက်ပိုင်းတွင်လည်း နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် မန္တလေးတိုင်းအတွင်း လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသည့် စာရင်းများအရ သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး နှင့် ပျောက်ဆုံးသူ ၆၈ ဦးရှိကြောင်း၊ အသေးစိတ်စာရင်းအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း၊အဆိုပါ တိုင်းအတွင်း၌ နေအိမ် ၁၅၉၁ လုံး၊ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊စာသင်ကျောင်း ၆၀ ကျောင်း၊တံတား ၃ စင်း၊ဘုရားစေတီ ၂၉၀ ဆူ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
သတင်း-အင်ကြင်း
