4 w - Translate

❛ မိသားစု ❜
_ _ _ _ _ _ _ _ _ _ _
မိသားစုဆိုတာ
တစ်ယောက် ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစုသီချင်းဟာ
အတက်အဆင်း ရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း
လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေး ဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
ငါ့ညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါ မမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က
သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့
ထင်တယ်။
ငါ့မိသားစုမှ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း
သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက်
ရှိနေတယ်ဆိုလည်း
ငါပဲ ဖြစ်မှာ
ငါ့မိသားစုမှာ ကြမ်းခင်းတစ်ချပ်
ကျိုးပဲ့နေတယ်ဆိုလည်း ငါပဲ ဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ
ငါ့မိသားစုပဲ
မဝင်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။
- စိုင်းဝင်းမြင့် -

image