#ပြည်တွင်းသတင်း
◼ရွေးကောက်ပွဲကိုလေးကြိမ်ခွဲကျင်းပမည်ဟု နစကဥက္ကဋ္ဌပြော
ရွေးကောက်ပွဲကိုတစ်ရက်တည်းတစ်ပြိုင်တည်းကျင်းပရန် ရွေးကောက်ပွဲဥပဒေတွင်ပြဋ္ဌာန်းထားသော်လည်း ယခုနှစ်ကုန်ပိုင်းနှင့်လာမည့်နှစ်အစပိုင်းတို့တွင် ရွေးကောက်ပွဲကိုလေးကြိမ်ခွဲ၍ကျင်းပမည်ဟု နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုကြောင်း ယနေ့(မတ် ၂၆ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ကပြုလုပ်သည့် နစကအစည်းအဝေးတွင် အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲများကိုဖြစ်နိုင်သရွေ့တစ်နေ့တည်းတွင် တစ်ပြိုင်နက်တည်း ကျင်းပရမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်သရွေ့ အများပြည်သူအလုပ်ပိတ်ရက်တွင် ကျင်းပရမည်ဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြိုတင်သတ်မှတ်ကြေညာရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ယင်းကဲ့သို့ပြဋ္ဌာန်းထားခြင်းကြောင့် ရွေးကောက်ပွဲပြုလုပ်ရန်ရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ ယခုနှစ်ဒီဇင်ဘာတတိယပတ်နှင့်စတုတ္တပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီပထမပတ်နှင် ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။
ထို့ပြင် ယခင်ရွေးကောက်ပွဲများတွင်ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် အချို့ကျကိုယ်စားပြု စနစ်(PR) ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေးလျာထားကြောင်း၎င်းကပြောသေးသည်။
နိုင်ငံတကာရွေးကောက်ပွဲများကိုလေ့လာ၍ ငွေကြေးကုန်ကျမှုများသော်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီပြီးမဲမသမာမှုပြုလုပ်ရန်မလွယ်ကူသည့် စနစ်ဖြစ်သော Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်နေကြောင်း နိုင်ငံပိုင်သတင်းစာကဆက်လက်ဖော်ပြသည်။
မြန်မာနိုင်ငံသမိုင်း၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကို တစ်ကြိမ်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - MOI
