13 နှစ်အရွယ် ကလေးတစ်ယောက် လူသ_တ်ခဲ့တာ မှန်ရဲ့လား ?
မနေ့ညတုန်းက Adolescence (၄) ပိုင်းလုံးကြည့်ပြီး ခေါင်းထဲရောက်လာတဲ့ အတွေးက Jamie ဆိုတဲ့ ကလေးလုပ်ရပ်က မှန်နေလား မှားနေခဲ့လားဆိုတာပါပဲ။
လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် ၊ ဘယ်နယ်ပယ်မှာမဆို အသက်ငယ်ငယ်၊ ကြီးကြီး အမြဲတမ်း Bully လုပ်တာခံနေရရင် ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ လူသ_တ်လိုက်မိတာတွေ ကျွန်တော်တို့ မှုခင်းဂျာနယ်တွေဖတ်မိရင်တွေ့ရမှာပါ။ ဒါက Mental Health နဲ့ အများကြီးဆိုင်ပါတယ်။ ဒီဇာတ်လမ်းကလည်း Mental Health နဲ့ ဆိုင်တဲ့ ဇာတ်လမ်းပါ။
၁၃ နှစ်အရွယ်ကလေးတစ်ယောက် မဆင်မခြင် လူသ_တ်လိုက်တယ်ဆိုတာက မိဘ၊ ဆရာ ၊ သူငယ်ချင်း၊ ပတ်ဝန်းကျင် စတဲ့လူတွေနဲ့ အများကြီးသက်ဆိုင်တယ်လို့မြင်မိပါတယ်။
ကျွန်တော်ဒီကားကိုကြည့်ပြီး တော်တော်လေးလန့်သွားတယ်။ သရဲကားကြည့်သလို လန့်နေတာမျိုးပါ။ တစ်ချိန်မှာ မိဘဖြစ်လာမယ့် လူတွေဆိုရင် ကြည့်ပြီး တော်တော်လေးပညာယူလို့ကောင်းမယ့် ဇာတ်ကားမျိုးပါ။ Rating လည််း 100% နဲ့ပွဲထွက်လာတာဆိုတော့ ကြည့်ဖို့တော့ အကြံပေးပါတယ်။
• အပိုင်း ၁ မှာ အမှုရဲ့ အစကိုပြထားတယ်၊ မနက် ၆ နာရီမှာ တရားခံ Jamie ဆိုတဲ့ ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ကို ဝင်ဖမ်းပြီး တရားရုံးမတင်ခင် စုံထောက်တွေက စစ်ဆေးအတည်ပြုတယ်။
Instagram မှာ Model ပုံတွေ Like လုပ်ထားတယ်၊ ရင်းနှီးတဲ့ ဆက်ဆံရေးမရှိတဲ့ အတန်းထဲက ကောင်မလေးက သူ့ရဲ့ Post အောက်မှာ Comment တွေမန့်ထားတယ်။ စသဖြင့် သက်သေတွေ အချက်အလက်တွေနဲ့ Jamie ကို မေးခဲ့ပေမယ့် သူကတော့ နောက်ဆုံးအထိ သူလူမသ_တ်ပါဘူးလို့ ငြင်းနေတုန်းပါ။
ကျွန်တော် အစက ကြည့်နေရင်း ကောင်လေးကို မှားပြီး ဖမ်းတယ်ပဲထင်နေတာ။ အပိုင်း ၁ ကလည်း ၁ နာရီနီးပါးလောက်ကြာတော့ နောက်ဆုံးပြီးခါနီးလေးမှ တရားခံက ဒီ ကလေးလေးဖြစ်နေတာပါ။ CCTV Footage မှာ ကလေးက ကောင်မလေးကို ဓားနဲ့ ဝင်ထိုးတာကိုပြသွားခဲ့ပါတယ်။ ဒါပေမယ့် အမှုကတော့ မပြီးသေးပါဘူး။
• အပိုင်း ၂ မှာ ကလေးရဲ့ ကျောင်းကိုလာပြီး စုံထောက်တွေက ဖွက်သွားတဲ့ ဓားနဲ့ ကလေးရဲ့အကြောင်းကို လာစုံစမ်းတယ်။ ဘာအတွက်ကြောင့် ကလေးက သူ့အတန်းဖော် မိန်းကလေးကို ဓားနဲ့ ၇ ချက်တောင်ထိုးရတယ်ဆိုတဲ့ (အကြောင်းပြချက်)။
ဖြစ်ချင်တော့ ဂျေမီတို့ သူငယ်ချင်းသုံးယောက်က ကျောင်းမှာ အနှိမ်ခံတွေ။ ကျောင်းမှာ နှိမ်ချင်တယ်ဆိုရင် ဗန်းစကားတွေ Emoji တွေသုံးပြီး Instagram မှာ ထိုးနှပ်ကျတယ်။ ဒါကို စုံထောက်တွေက မသိဘူး။ နောက်ဆုံး ဆယ်ကျော်သက်အရွယ် 10 တန်းအခန်းက စုံထောက်ရဲ့ သာဖြစ်သူက ကူညီပေးမှ ဒီအမှုမှာ သေဆုံးသွားတဲ့ ကလေးမလေးရဲ့ စော်ကားမှုတွေပေါ်လာတယ်။ ကျောင်းတစ်ခုလုံးမှာလည်း ကလေးတွေရဲ့ ဆိုးသွမ်းတဲ့ ပုံစံတွေနဲ့ မယဥ်ကျေးတဲ့ အပြုအမှုတွေ နေရာတိုင်းမှာတွေ့ရတယ်။ ဒါကလည်း ကလေးတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ အများကြီး ပျက်စီးသွားစေတဲ့ အစနေရာလို့တောင်ပြောလို့ရတယ်။ နောက်ပြီး Jamie ကို ဓားပေးပြီး အားပေးခဲ့တဲ့ သူ့သူငယ်ချင်း Ryan ကို ကြံရာပါအနေနဲ့ ဖမ်းမိသွားတယ်။
• အပိုင်း ၃ Jamie ကို စိတ်ပိုင်းဆိုင်ရာစစ်ဆေးပြီး ဘာအတွက်ကြောင့် လူသ_တ်ရတယ်ဆိုတာတွေကို မေးခွန်းတွေ အများကြီးနဲ့ ကြည့်လိုက်ရတယ်။
ပထမက အဖေနဲ့ပတ်သက်ပြီးမေးတယ်၊ အဖေက ဘယ်လိုလူစားမျိုးလည်း ဒေါသကြီးလား စသဖြင့်မေးတယ်၊ ဒုတိယက အဖေနဲ့ သူနဲ့ကြားမှာကောင်းမွန်တဲ့ ဆက်ဆံရေးရှိလား မေးတယ်။
နောက်ပြီး မိန်းမတွေအပေါ် ဘယ်လိုမြင်လဲ၊ လိင်နဲ့ပတ်သက်ပြီး ဘာတွေသိထားလည်း စသဖြင့် စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ကလေးကို ခြောက်တစ်လှည့် ချော့တစ်လှည့်နဲ့မေးပြီး နောက်ဆုံးမှာ ကလေးမကို သ_တ်တဲ့ အကြောင်းပြချက်ပေါ်လာတယ်။
အကြောင်းပြချက်ကတော့ရှင်းပါတယ်။ ကေတီဆိုတဲ့ မိန်းကလေးက Snapchat မှာ အပေါ်ပိုင်း ဗလာကျင်းဖြစ်နေတဲ့ပုံကို Share မိသွားပြီး တစ်ကျောင်းလုံးက သိသွားတယ်၊ ဒါကို Jamie ကလည်း သိတယ်၊ တစ်ကျောင်းလုံးက ကေတီရဲ့ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး စနောက်ကြတာတွေရှိတော့ Jamie ကလည်း ကာကွယ်ပေးသလို နဲ့ရမလားဆိုပြီး ဝင်လုံးတယ်၊ မရတော့ ဖိုဝါဒီစွဲဒေါသနဲ့ ပေါက်ကွဲပြီး ရက်စက်စက်သ_တ်ပစ်လိုက်တယ်။
Jamie က ဒီမေးခွန်းတွေကို ဘာမှမသိလိုက်ပဲဖြေသွားမိလိုက်တယ်။ မေးတဲ့သူကလည်း အံ့သြနေပြီး Jamie ရဲ့ ထူးဆန်းတဲ့ အပြုအမှုတွေကြောင့် လန့်နေတယ်။
ဒီမှာတော့ကောင်လေးရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးပြသွားတယ်၊ သူရုပ်ဆိုးလို့ သူ့ကို ကောင်မလေးက ငြင်းတာလား၊ သူက ယောင်္ကျားမပီသလို့လား၊ စသဖြင့် ကလေးတွေစိတ်ထဲမှာ ခံစားနေရတဲ့ အကြောင်းတွေကိုတော့ အများကြီးမြင်လိုက်ရပါတယ်။
အပိုင်း ၄ မိဘတစ်ယောက်ရဲ့ ရှု့ထောက်။ မိဘကတော့ သူ့သားသမီးနဲ့ အသက်အရွယ်ကွာခြားချက်တွေကြောင့် သူ့သား ဘာတွေလုပ်နေတယ်၊ ဘာတွေခံစားနေရတယ်၊၊ Online မှာ Bully အလုပ်ခံနေရလား စသဖြင့် ဘာမှမသိပဲ နောက်ဆုံး သူတို့သားကြောင့် သူတို့ပါ ကျူလွန်သူတွေအနေနဲ့ ပတ်ဝန်းကျင်မှာ ခေါင်းမဖော်ရဲအောင်ဖြစ်ခဲ့ရတာတွေကိုပြသသွားခဲ့ပါတယ်။ Generation Gap လို့ခေါ်တဲ့ အရာတစ်ခုကြောင့် ကလေးနဲ့ မိဘကြားက ဆက်ဆံရေးတစ်ခုဟာ ဝေးကွာသွားခဲ့ရတာကိုပါ ပြသသွားခဲ့ပါတယ်။
အဓိကကတော့ ဒီဇာတ်လမ်းမှာ မိဘက စောစောသိပြီး ကလေးရဲ့ အခြေအနေကိုရိပ်စားမိမယ်ဆိုရင်တော့ ဒါမျိုး အဖြစ်အပျက်တွေကနေ ရှောင်လို့ရကောင်းရနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒါမျိုးအဖြစ်အပျက်တွေရှိပေမယ့်လူမသိပါဘူး။ အထူးသဖြင့် လိင်မှု ကိစ္စတွေနဲ့ဆိုင်တာတွေဆိုရင် သိုသိုသိပ်သိပ်ရှင်းလိုက်တာများလို့ လူမသိလိုက်တာတွေလည်းများပါတယ်။
ဒီဇာတ်ကားကိုကြည့်ပြီးပြောချင်တာကတော့ အခုခေတ်ကလေးတွေက ကျွန်တော်တို့ ၁၃ နှစ်တုန်းကလို မဟုတ်တော့ပါဘူး။ အရာရာ စူးစမ်းချင်တဲ့ အရွယ်တွေဖြစ်လာတဲ့အတွက် မိဘတွေ အနေနဲ့ သားသမီးတွေရဲ့ ခံစားချက်နဲ့ Emotion တွေကို အမြဲတမ်းလေ့လာပြီး Support ပေးသင့်ရင်ပေးဖို့နဲ့ လမ်းမှားရောက်နေရင်လမ်းမှန်ရောက်ဖို့ Bully အလုပ်ခံနေရရင် ဘယ်လိုကာကွယ်ဖို့ စသဖြင့် နည်းလမ်းကောင်းတွေကိုသာာသုံးပြီး ပျိုးထောင်ပါလို့ အကြံပေးလိုက်ပါတယ်။
