မန်းမြို့ရောက်လျှင် ကျွန်တော့်အတွက်
စိတ်အချမ်းသာဆုံးကား ထမင်းစားခြင်း
ကိစ္စဖြစ်သည်။ ကျွန်တော်ကား ဆန်နု၊
ဆန်စေးများကို မကြိုက်။ အီလည်လည်နိုင်သည်
ဟုထင်သည်။ ငစိန်ဆန်ကဲ့သို့ ဖွယ်တယ်တယ် ကြမ်းတမ်းတမ်းတွေကိုသာ စားတတ်သည်။ မန္တလေးမှ ရွှေဘိုခွန်နီသည်ကား ကျွန်တော့်အတွက် လျှာရင်းမြက်စေ ပါ၏။ ငါးသန်သေးနုပ် ရေလုံပြုတ်ကို တစ်လုတ်ကယ်ဝဝ စားလိုက်ရလျှင်... ဟု ဦးပုညက ရေသည်ပြဇာတ်တွင် အမွှမ်းတင်ထားသကဲ့သို့ မန္တလေးမှ ငါးသန်အိုးကပ် ချက်ကိုလည်း ကျွန်တော် မြိန်မြိန်ရှက်ရှက် စားလိုပေသည်။ သို့သော် ကျွန်တော် အလွန်ကြိုက်သော ငါးပူတင်းကိုကား ရန်ကုန်ရှိ ကိုယ့်ရေခဲသေတ္တာတွင် စုဆောင်းထား နိုင်မှသာ စားရသည်။ ဘယ်နေရာမှာမှ မစားရ၊ ချက်လည်း မကျွေးကြ၊ ငါးပူတင်း စားလျှင် သေတတ်သည်ဟူသော အစွဲက ရှိနေသောကြောင့် ဖြစ်၏။ မှန်ပါသည်။ သည်းခြေနှင့် ဥတို့ စားမိလျှင် သေတတ်၏။ ကျန်သည့် အသားချည်းစား၍တော့ ဘာမှမဖြစ်ပါ။ အလယ်ကျောရိုးမှအပ အခြားအရိုးမပါ ဗလာနတ္ထိ၊ အရသာ ဆိမ့်အီ လှပြီး ငါးတကာ ငါးတွင် ပြိုင်စံရှားသောငါးဟု ဆိုချင်သည်။ ငါးပူတင်းစား၍ သေရမည်ဆိုလျှင် ကျွန်တော် အကြိမ်ကြိမ် သေခဲ့ပြီးဖြစ်ပါလိမ့်မည်။ မန္တလေး၌ကား ငါးပူတင်းမှလွဲ၍ အစားမျိုးစုံ စားရ၏။ မန္တလေးသည်ကား အထက်မြန်မာပြည်၏ အချက်အချာ ဗဟိုကုန်စည် ဖြန့်ဖြူးရာဌာနကြီး ဖြစ်ပေရာ အမျိုးမျိုးသော အစားအစာ တို့ ရရှိလက်ခံနိုင်စွမ်း ရှိပေ၏။
