အကြည်ဓာတ် ဆိုတဲ့ စာအုပ်လေးက တကယ်တော့ သာမန်ရုပ်ကလေး ကြည်လင်နေဖို့ရာမျိုး ၊ စိတ်ကလေး ကြည်လင်စေဖို့ရာမျိုးလောက်ပဲ ပြောထားတာမဟုတ်ဘူး ဆိုတာကို သေသေချာချာဖတ်လေ သဘောပေါက်လေလေပါပဲ ။
ဆရာတော် နန္ဒာစာရရဲ့ ရေးနေကျ ပုံစံအတိုင်းပဲ မြတ်စွာဘုရားရဲ့ တရားတော်တွေကို အခြေခံထားပြီး စိတ်ပညာရှုထောင့်ကနေ တင်ဆက်ထားတာ ဖြစ်တယ် ။
သိတဲ့အတိုင်းပဲ မြတ်စွာဘုရားရဲ့ တရားတော်တွေဆိုတာကလည်း အင်မတန်လေးနက်တော့ တရားစာအုပ်တွေကို တော်ရုံစာဖတ်သူဆို မကိုင်ချင်ကြဘူး ။ စိတ်ပညာဆိုတာကလည်း ထိုနည်းလည်းကောင်းပဲလေ ။ ဒီနှစ်ခုကို ရောထားတော့ ဘူးလေးရာဖရုံဆင့်ဆိုသလိုပဲပေါ့ ။
သို့သော် ဒီစာအုပ်က အဲ့လို ဖြစ်မနေဘူး ။ ပေါ့ပေါ့ပါးပါးနဲ့ နှစ်ဖက်မြင်ရှုထောင့်ကို လေ့လာခွင့်ရမယ့် အမျိုး ။ အကြည်ဓာတ်ဆိုတာကို ရဖို့ရန်အတွက် အလွယ်တကူတော့ မဟုတ်နေဘူးဆိုတာကို ဒီစာအုပ်ဖတ်ပြီးနောက် သိလိုက်ရတယ် ။ စိတ်ထားလေး ကောင်းနေရင် အကြည်ဓာတ်လေး ရှိနေမယ်လို့ လွယ်လွယ်ထင်ထားရင်တော့ ဒီစာအုပ်ကို ဖတ်သင့်တယ်။
ဘာကြောင့်လည်းဆို အကြည်ဓာတ် ဖြစ်ဖို့ရာက စိတ်တစ်ခုတည်းနဲ့လည်း မရသေးဘူး ။ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေလည်း လိုအပ်သလို ၊ ကိုယ်ကျင့်သီလတွေကိုပါ ထိန်းသိမ်းရမယ်ဆိုတာကို ဆရာတော်က တစ်ခုချင်းစီ ရှင်းပြထားတယ် ။ ဒါတွေပဲလားဆိုလည်း မလုံလောက်သေးဘူး ။
ကိုယ်နဲ့ ကိုက်ညီမယ့် ပတ်ဝန်းကျင် အနေအထားကလည်း ရှိဖို့ရာ လိုသေးတယ် ။ အဲ့လို အချက်တွေ ပေါင်းစုံပြီး ပြောင်းလဲယူနိုင်မှသာ ကြည်လင်တဲ့စိတ်နဲ့ ကြည်လင်တဲ့ရုပ်ကလေးကို ပိုင်ဆိုင်နိုင်မှာ ။
ဒီအကြောင်းတွေကို ထိမိအောင် ရေးထားတယ် ။
နောက်ထပ် ဘာသာရေးဆိုင်ရာ ဗဟုသုတတွေ ၊ စိတ်ပညာဆိုင်ရာ ဗဟုသုတတွေကိုလည်း ဒီစာအုပ်ထဲကနေ ရနိုင်တယ် ။ အထူးပြောချင်တာကတော့ ဒီစာအုပ်ကို ဖတ်ပြီး အကြည်ဓာတ်ရဖို့ရန် မလွယ်သေးပါဘူး ။ ဒီစာအုပ်ကိုဖတ်ပြီး လက်တွေ့ဘ၀မှာ အသုံးချနိုင်မှသာ တကယ့်ကို အကြည်ဓာတ်လေးတွေ ရမှာပါ ။
ကိုယ့်ရဲ့ lifestyle အသစ်လေးပြောင်းချင်တယ် ၊ ကြည်လင်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ညွှန်းပါရစေ ။
#နန္ဒာစာရ #အကြည်ဓာတ်
