Part_2
*လစ်ဘရယ် ဒီမိုကရေစီ
၇။ တစ်ဦးချင်းသော ပြည်သူတို့၌ မိမိဘာသာ လွတ်လပ်စွာ ယုံကြည်ခွင့် ထင်မြင်ခွင့်၊ ထင်မြင်ယူဆချက်ကို လူသိ ထင်ရှား ပြောကြား ဆွေးနွေးခွင့်၊ စာဖြင့် ရေးသား၍ ပုံနှိပ်ထုတ်ဝေဖြန့်ချိခွင့်၊ အများနှင့်အတူ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ အာဏာပိုင်တို့ထံ ဆန္ဒလွှာ တင်သွင်းခွင့်များ ရှိကြသည်။
၈။ နိုင်ငံသားတိုင်း နိုင်ငံရေးဆိုင်ရာ၌ အခွင့်အရေး တန်းတူညီမျှရှိစေမည့် တရားဥပဒေများ ပြဋ္ဌာန်းထားရှိသည်။
၉။ တစ်ဦးချင်း ပုဂ္ဂိုလ်များနှင့် လူစုအသီးသီးတို့၏ လွတ်လပ်ခွင့်များကို အခြား အဆောက်အအုံတို့၏ ဩဇာမှ ကင်းလွတ်၍၊ ဘက်လိုက်မှု ခွဲခြားမှုများလည်း မရှိသည့်တရားစီရင်ရေးမဏ္ဍိုင်က အကာအကွယ်ပေးသည်။ တရားရုံး၏ ဆုံးဖြတ်ချက်တို့ကို အခြားသော အာဏာအစိတ်အပိုင်းတို့လည်း လေးစား သိမှတ်ကာ ၎င်းအတိုင်း တည်အောင် ဆောင်ရွက်ပေးရသည်။
၁၀၊၊ တရားဥပဒေစိုးမိုးမှု ရှိ၍၊ ယင်းက နိုင်ငံသားတို့အား နိုင်ငံတော် အဖွဲ့အစည်းများကဖြစ်စေ၊ အခြားသော အဖွဲ့များ ဂိုဏ်းများ အင်အားစုများက ဖြစ်စေ၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ နယ်နှင်ဒဏ်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ညှဉ်းပန်းခြင်း၊ နေ့စဉ်လူမှုဘဝတွင် ဝင်ရောက် နှောင့်ယှက် ခြင်း၊ စသည်များ မပြုလုပ်နိုင်အောင် စောင့်ရှောက် ကာကွယ်ပေးသည်။
၁၁။ အထက်က အချက်များအပြင် ယင်းတို့၏ အချုပ်ဟု ဆိုရမည့် အရာတစ်ခု ရှိသေးသည်။ အဲဒါက၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။ အထက်က အကြောင်းအရာ အချက်အလက်များ အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှင်းလင်း တိကျစွာ ရေးထိုးထားသည့်အခါ အုပ်ချုပ်သူအစိုးရတို့ လုပ်ပိုင်ခွင့်ရှိသော အရာနှင့် လုပ်ပိုင်ခွင့် မရှိသည့် အရာတို့ကို ကွဲပြားစွာ မြင်ရသည်။
အုပ်ချုပ်သူတို့သည် ထိုစည်းဘောင်များကိုကျော်၍မရ။ ကျော်လာခဲ့သည် ရှိလျှင်လည်း လွတ်လပ်သော တရားရေးမဏ္ဍိုင်က ထောက်ပြ ကွပ်ညှပ်မှု ပြုမည် ဖြစ်သည်။
ဥပဒေပြုမဏ္ဍိုင်မှ ပုဂ္ဂိုလ်တို့သည်လည်း မိမိတို့ ချမှတ်လိုသည့် မူဝါဒများ အကောင်အထည်ဖော်ရန်အတွက် ဥပဒေများ ပြဋ္ဌာန်းသည့်အခါ အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိမရှိ စိစစ်ရသည်။ မညီညွတ်သော် ၎င်းတို့အား ကွပ်ကဲပိုင်ခွင့်ရှိသည့် အခြားသော အာဏာ အဆောက်အအုံတို့က တည့်မတ် ထိန်းကွပ်ကြမည်။
တရားရေးမဏ္ဍိုင်နှင့် စပ်လျဉ်း၍လည်း ထိုနည်း၎င်း။
ထို့ပြင်၊ အများပြည်သူတို့သည်လည်း အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို ဖော်ထုတ်ပြောဆိုကာ မိမိတို့ လွတ်လပ်ခွင့်များကို ပိုင်ပိုင်နိုင်နိုင် ရယူ ခံစားနိုင်ကြမည်၊ အကယ်၍ မရရှိခဲ့သော် တရားဝင် တောင်းဆိုခြင်း ကန့်ကွက်ခြင်းများ ပြုနိုင်ကြလိမ့်မည်။ ယင်းအား ချုပ်ချယ်တားမြစ်သော် ချုပ်ချယ်တားမြစ်သူတို့သည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်သူများ ဖြစ်ကြလိမ့်မည်။
ဤသည်က၊ ပြည်သူ့လွတ်လပ်ခွင့်များကိုအလေးထားသည့်လစ်ဘရယ် ဒီမိုကရေစီစနစ်၏ လက္ခဏာရပ်တို့ကို ချုပ်၍ တင်ပြခြင်း ဖြစ်ပါသည်။