7 w - Translate

#ပြည်တွင်းသတင်း
◼ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့၌ နေ့အပူချိန်များမြင့်တက်နိုင်ဟုဆို
ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့၌ နေ့အပူချိန်များမြင့်တက်လာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က ယနေ့(မတ် ၄ ရက်) တွင်ခန့်မှန်းပြောဆိုထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ မတ်လအတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေမှ ပုံမှန်နှစ်တစ်နှစ်သို့ပြန်လည်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
“လာနီညာကြောင့်အပူချိန်မြင့်တက်မှုတွေ ၂၀၂၄ ခုနှစ်(အယ်လိနီညိုနှစ်)ထက် လျော့နည်းသော်လည်း၊ မတ်လအတွင်း စိုထိုင်းဆမြင့်တက်နေတဲ့ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Temperature Felt) ၄၀°C အထက်အထိ မြင့်တက်နေနိုင်ပါမယ်” ဟု ဦးဝင်းနိုင်ကဆိုသည်။
ရန်ကုန်အပါအဝင် မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေ့အပူချိန်များ ၄၀°C အထက်အထိ မြင့်တက်လာနိုင်ကြောင်းလည်း ၎င်းကဆက်လက်ခန့်မှန်းထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မတ်လအတွက် ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာ၀တီတိုင်းတို့တွင် မတ်လပျမ်းမျှ အပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မတ်လပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်းသိရသည်။
အပူချိန်မြင့်မားမှုဒဏ်ကိုခံစားရလျှင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများ ထိခိုက်ပျက်စီးစေနိုင်ပြီး အချိန်မီကုသရန်နှောင့်နှေးပါက အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်ကြောင်း၊ အပူချိန်မြင့်မားသည့် နေ့လယ်နေ့ခင်းအချိန်များတွင် အကာအကွယ်မပါဘဲ ပြင်ပသို့ ထွက်ခြင်းကို ရှောင်ရှားပြီး အရိပ်အာဝါသအောက်တွင်သာ နေထိုင်ကြရန် ကျန်းမာရေးပညာရှင်များက အကြံပြုတိုက်တွန်းထားသည်။
သတင်း-အင်ကြင်း

image