“ မောင့်ကို ခွင့်လွှတ်ပါ ခိုင်
နောင်ဘဝ ဆိုသည်လည်း ရှိပါစေ ခိုင် …“
စာရေးဆရာကြီး “ တက္ကသိုလ်ဘုန်းနိုင် ” လို့ ဆိုလိုက်တာနဲ့ စာဖတ်ပရိသတ်တွေ အမှတ်ရကြတဲ့ ထိပ်ဆုံးကစာအုပ်တစ်အုပ်ကတော့ ‘ခိုင်’ ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါလိမ့်မယ် ။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရဲ့ “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် ” စာအုပ်ကို ၁၉၆၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ် ။ ပထမအကြိမ် ထွက်ခဲ့တာ နှစ်ပေါင်း ၆၀ ပြည့်ခါနီးပြီ ဖြစ်ခဲ့ပေမဲ့ ယနေ့ထိတိုင် ခေတ်အဆက်ဆက် အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့ရတဲ့ ဂန္ထဝင် ဝတ္ထုစာအုပ်ကြီး တစ်အုပ်ပါပဲ ။
“ ရွက်ဝါကြွေသော နွေတိုင်လျှင် မမေ့နိုင်ဘဲလျက်က သတိမရရဲချင်သော ဇာတ်လမ်းတစ်ခု ရင်၌ ရှိခဲ့သည် ”
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ဟာ ‘သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်’ ဝတ္ထုကို “သူ့ရဲ့ တကယ့်အတ္ထုပ္ပတ္တိပါ ဟု မဆိုလိုပါ ။ မဟုတ်ဘူး ဟုလည်း မငြင်းဆိုခဲ့ပါ ။
ခိုင် ဝတ္ထုရှည်ကို ရေးစဉ်က “ သူငယ်ချင်းချစ်၏ ဖြူစင်မှု ဟူသော သာမန်ခံစားမှုလေးသည်သာ” လို့ စခဲ့ပေမယ့် ဇာတ်လမ်းအစကို ၁၃၀၀ ပြည့်နှစ်မှာ အခြေခံခဲ့မိရာက ခေတ်ငါးဆက်ခန့်ကို ဖြတ်သန်း ရေးဖွဲ့နိုင်ခဲ့ပါတယ် ။ ဒီလိုနဲ့ စာရေးဆရာ ရဲ့ ဈာန်သက်ရောက်မှု ၊ ဇာတ်ကောင်ဖွဲ့စည်းမှု ၊ ဇာတ်အိမ်တည်ဆောက်မှု ၊ ဇာတ်လမ်းရဲ့ ကာလဒေသနောက်ခံ ၊ အရေးအဖွဲ့ပိုင်း အစချီပြီး ဝတ္ထုရှည်ကောင်းတို့မှာ ပါဝင်ရမယ့် အချက်အားလုံးပါဝင်တဲ့ “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် ” စာအုပ်လေးဟာဆိုရင် မြန်မာ့ဂန္ထဝင် ဝတ္ထုရှည်များထဲက တစ်အုပ် ဖြစ်လာခဲ့ပါတယ် ။ ဒီစာအုပ်လေးကို ဖတ်ရှုမိသူတိုင်းက
– ခိုင့်အတွက် အသည်းနင့်ကြတယ် ။
– မောင့်အတွက် ရင်ဆို့ကြတယ် ။
– ငြိမ်းမောင်အတွက် ငိုမိကြတယ် ။
– လှိုင့်အတွက် ကြေကွဲကြတယ် ။
ဒါတွေတင်မက သန်လျင်မြို့မှာ ခိုင်နဲ့ မောင်တို့ ကျခဲ့တဲ့ ချောက်ကြီးကို တကူးတက လာရောက်ကြည့်ကြတယ်။ ခိုင်နဲ့ မောင်တို့ရဲ့ နေအိမ်တွေက ဘယ်အိမ်တွေလဲ ဆိုပြီး အငြင်းပွားရာက စာရေးဆရာဆီကို လာမေးကြတဲ့အထိ ခိုင်ဟာ စာဖတ်ပရိသတ်ရဲ့ ရင်ထဲကို ရောက်ရှိခဲ့ပါသည် ။ ထိုအချိန်က စာအုပ်တွေထဲမှာ စွယ်တော်ရွက်ကလေးတွေ မှတ်မှတ်ရရ ညှပ်ကြတာက ခေတ်တစ်ခေတ်ရဲ့ လူငယ်တွေကြား ရေပန်းစားခဲ့တဲ့ Trend တစ်ခု ဖြစ်ခဲ့ပါသေးတယ် ။
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
#တက္ကသိုလ်ဘုန်းနိုင်
