အဆင်းရဲဆုံး အာရှ ၁၀ နိုင်ငံထဲ မြန်မာပါဝင်
ရန်ကုန်၊ မတ် ၁
၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံး အာရှ ၁၀ နိုင်ငံထဲမှာ မြန်မာ ပါဝင်လျက်ရှိကြောင်း ကမ္ဘာ့လူဦးရေဆိုင်ရာ အချက်အလက်တွေကို ပြုစုတဲ့ World Population Reviews ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) ဟာ အာဖဂန်နစ္စတန်နဲ့ နီပေါနိုင်ငံတွေပြီးရင် တတိယနေရာမှာ ရှိနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
World Population Reviews အရ အာဖဂန်နစ္စတန်ဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး တစ်ဦးချင်းဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၆၉၀ ပဲ ရှိပါတယ်။
ကာလရှည်ကြာ ပဋိပက္ခတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ဟန့်တားထားတယ်လို့ ဆိုပါတယ်။
နီပေါရဲ့ GNI ဟာ ကန်ဒေါ်လာ ၄၇၅၀၊ မြန်မာရဲ့ GNI ဟာ ကန်ဒေါ်လာ ၄၇၆၀ နဲ့ အရှေ့တီမောရဲ့ GNI ဟာ ကန်ဒေါ်လာ ၄၇၈၀ ဖြစ်ပြီး ဒီနိုင်ငံတွေဟာ သဘာဝသယံဇာတ ပေါကြွယ်ဝပေမယ့် ဆင်းရဲမွဲတေမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အခြားသော အဆင်းရဲဆုံး အာရှနိုင်ငံတွေထဲမှာ တာဂျစ်ကစ္စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါလက်စတိုင်းနဲ့ အိန္ဒိယနိုင်ငံတို့ ပါဝင်နေပါတယ်။
နစကရဲ့ အမျိုးသားစီမံကိန်းဥပဒေထဲမှာတော့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လူတစ်ဦးစီရဲ့ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက် ဈေးနှုန်းအရ ၂,၇၄၂,၆၄၃ ကျပ် ဖြစ်ပေါ်လာဖို့ ထည့်သွင်းပြဋ္ဌာန်းထားပြီး GDP ကို ပုံမှန်ဈေးနှုန်းအရ ၃.၈ ရာခိုင်နှုန်း တိုးတက်ဖို့လည်း မျှော်မှန်းထားပါတယ်။
