Part_1
*လစ်ဘရယ် ဒီမိုကရေစီ
ရွေးကောက်ပွဲ ဒီမိုကရေစီထက်ပို၍ အနှစ်သာရ ပြည့်ဝသည့် လစ်ဘရယ် ဒီမိုကရေစီမှာ အဘယ်လက္ခဏာရပ်များ ပါရှိပါသနည်း။
၁။ နိုင်ငံတော် အာဏာကို အသုံးပြုကာ တိုင်းပြည်အတွက် အရေး ကြီးသော ဆုံးဖြတ်ချက်များ ချမှတ်လုပ်ဆောင်ပိုင်ခွင့်သည် ရွေးကောက်ခံ ကိုယ်စားလှယ်တို့၌သာ ရှိပြီး၊ ရွေးကောက်ခံ မဟုတ်သူတို့၌ အထူးအခွင့် အာဏာများ မရှိစေမည့် ကန့်သတ်ချက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားသကဲ့သို့၊ တကယ် လက်တွေ့ ကျင့်သုံးရာ၌လည်း ၎င်းအတိုင်း ဖြစ်သည်။
၂။ အုပ်ချုပ်မှု အာဏာကို အခြား သီးခြား ရပ်တည်သည့် နိုင်ငံတော် အဆောက်အအုံများဖြစ်သည့် ဥပဒေပြုလွှတ်တော်၊ လွတ်လပ်သော တရားစီရင်ရေး စနစ်၊ စသည်တို့က တန်းတူရည်တူအဆင့်မှ ထောက်ပြ ထိန်းကွပ်နိုင်သည့် အခွင့်အာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းပါဝင် သကဲ့သို့ တကယ် လက်တွေ့လည်း ရှိသည်။
၃။ ရွေးကောက်ပွဲများတွင် မည်သည့် ပါတီက အနိုင်ရမည်ဟု သေချာပေါက် မှတ်သားထား၍မရ။ အများပြည်သူ့ဆန္ဒအပေါ် မူတည်၍ ရွေးကောက်ပွဲရလဒ်တို့ အမြဲ ပြောင်းလဲနေနိုင်ပြီး၊ ပါတီအဖွဲ့အစည်းတို့ သည်လည်း ကာလသက်တမ်းအလျောက် အစိုးရအရာကို ရသည့်အခါ ရ၍၊ အတိုက်အခံအဖြစ် ရပ်တည်သည့်အခါလည်း ရပ်တည် ရသော သဘောရှိသည်။ ထို့ပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သည့် မည်သည့် လူအုပ်စုများမဆိုသည်လည်း ပါတီဖွဲ့စည်းခွင့် ရွေးကောက်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရှိကြသည်။
၄။ လူမျိုး၊ ဘာသာ၊ ထုံးဓလေ့အရ လူနည်းစု ဖြစ်နေသူတို့သည် လည်းကောင်း၊ လူများစုဖြစ်သော်လည်း အစဉ်အဆက် တစ်ပန်းရှုံးခဲ့သူ များသည် လည်းကောင်း၊ နိုင်ငံရေးတွင် ပါဝင်ခွင့်၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ထုံးဓလေ့များကိုကျင့်သုံးခွင့်၊ စသည်တို့အား ဥပဒေပြဋ္ဌာန်းချက်များအရရော တကယ် လက်တွေ့တွင်ပါ ခံစားခွင့်ရှိကြသည်။ ၅။ နိုင်ငံသားတို့အနေနှင့် မိမိတို့ စိတ်ဝင်စားသော၊ အလေးထားသော၊ ဖြစ်စေချင်သော ကိစ္စရပ်များကိုဖော်ထုတ်ရန်၊ တင်ပြရန်၊ မြှင့်တင်ရန်အတွက် နိုင်ငံရေး ပါတီများကို ထောက်ခံခြင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းများ သာမက၊ မိမိတို့ဘာသာ အသင်းအဖွဲ့ မျိုးစုံဖွဲ့စည်းခြင်း၊ လှုပ်ရှားမှုမျိုးစုံ ပြုလုပ်ခြင်း စသည့် နည်းလမ်း အဖုံဖုံတို့ကိုလည်း သုံးစွဲခွင့်ရှိကြသည်။
၆။ နိုင်ငံသားများ၌ သိလိုသမျှ သတင်းအချက်အလက်တို့ကို ကြားသိ နိုင်ရန်အတွက် လွတ်လပ်သော စာနယ်ဇင်းမီဒီယာများ အပါအဝင် သတင်းရင်းမြစ် ပေါင်းစုံရှိကြသည်။
#ဆက်ရန်ရှိ