ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်သည့် အချက်များ
*****ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ဒါတွေကို သိထားပြီးပြီလား
Myth 1 – နီကိုတင်းက စီးကရက်မှာပါဝင်တဲ့ အဓိက ကျတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ပါဝင်ပစ္စည်းပါ။
မှားယွင်းနေပါတယ် – နီကိုတင်းက စီးကရက်မှာပါတဲ့ စွဲလမ်းစေတတ်တဲ့ အရာပါ။ နီကိုတင်းသက်သက်က အန္တရာယ်မပေးပါဘူး။ ဒါကြောင့် ဆေးလိပ်ဖြတ်တဲ့အခါ နီကိုတင်း patchတွေ သုံးပါတယ်။ ဒါပေမယ့် စွဲလမ်းစေတာကြောင့် ခဏခဏသောက်မိပြီး တခြားအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေပါ ကိုယ်ထဲ ရောက် လာတာ ဖြစ်ပါတယ်။
Myth 2 – နီကိုတင်း အစားထိုးကုထုံး (NRT) က ဆေးလိပ်သောက်တာလိုပဲ အန္တရာယ် များတယ်။
မှားယွင်းနေပါတယ် –နီကိုတင်း အစားထိုးကုထုံး (NRT နည်းလမ်းလေးတွေ ဖြစ်ကြတဲ့ ကပ်ခွာ၊ ပီကေ၊ ငုံဆေး၊ ရှုဆေး၊ ခံတွင်းဖြန်းဆေး) တွေက ဆေးလိပ်သောက်တာထက် ပိုပြီး ဘေးကင်းပါတယ်။ ဒီကုထုံးကနေ ရတဲ့ နီကိုတင်း ပမာဏက စီးကရက်မှာပါတဲ့ နီကိုတင်းထက် ပိုနည်းပါတယ်။ ဒါ့ပြင် NRTမှာ နီကိုတင်းပဲပါပြီး ဆေးလိပ်လို အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ မပါပါဘူး။
Myth 3 – NRT ကုထုံး ခံယူနေချိန်မှာ ဆေးလိပ်သောက်တာက အန္တရာယ် များတယ်။
မှားယွင်းနေပါတယ် – NRT ကုထုံး ခံယူနေချိန်မှာ ဆေးလိပ်သောက်တာက ပုံမှန် ဆေးလိပ်သောက်တာထက်တော့ ပိုပြီး အန္တရာယ် မများပါဘူး။ မသောက်ရင်တော့ အကောင်းဆုံးပေါ့။ လေ့လာချက်တွေအရ NRTကနေ နီကိုတင်း ရနေတဲ့အတွက် ပုံမှန်အချိန်ထက် ဆေးလိပ်သောက်တာ နည်းသွားတယ်လို့ ဆိုကြပါတယ်။
Myth 4 – NRT ကုထုံး တစ်ခုထက် ပိုပြီး အသုံးပြုတာက ဘေးမကင်းပါဘူး။
မှားယွင်းနေပါတယ် – NRT ကုထုံး တစ်ခုထက် ပိုပြီး အသုံးပြုတာက ဆေးလိပ်ဖြတ်ဖို့အတွက် ဘေးကင်းကင်းနဲ့ ကူညီပေးနိုင်မှာပါ။ ရှေ့မှာပြောခဲ့သလို NRTမှာ နီကိုတင်းက လွဲပြီး တခြားအန္တရာယ်ရှိ ဓာတုပစ္စည်းတွေ မပါဝင်လို့ပါ။ နောက်ပြီး ဆေးလိပ်ကရတဲ့ နီကိုတင်းကိုလည်း စွဲလမ်းတာ သက်သာသွားတာကြောင့်လည်း ပါပါတယ်။
Myth 5 – ဆေးလိပ်သောက်တာက စိတ်ဖိစီးမှု ပြေလျော့စေတယ်။
မှားယွင်းနေပါတယ် – လေ့လာမှုတွေအရကတော့ ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို ပိုတိုးစေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ အငွေ့တွေကို ရှိုက်ရှူရှိုက်ထုတ် လုပ်တဲ့အတွက် အသက်ရှူလေ့ကျင့်ခန်းလုပ်တာနဲ့ တူပြီး စိတ်တည်ငြိမ်လာတာ ဖြစ်ပါတယ်။ တကယ်က နီကိုတင်းက စိတ်ကြွစေပြီး စိတ်ဖိစီးတဲ့အခါ ထွက်တဲ့ ကော်တီစောပမာဏကို များစေပါတယ်။ လေ့လာချက်တွေအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်ဖြတ်လိုက်တဲ့အခါ မဖြတ်ခင်ကထက် စိတ်ဖိစီးမှု ပိုသက်သာတာကို တွေ့ရပါတယ်။
Myth 6 – ဆေးလိပ်လျှော့သောက်တာက ထိခိုက်နိုင်ခြေ နည်းသွားစေတယ်။
မှားယွင်းနေပါတယ် – ဆေးလိပ်လျှော့သောက်တာကလည်း ဆေးလိပ်သောက်တာပါပဲ။ ဒီလို လျှော့သောက်တာကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေ နည်းမသွားနိုင်သလို စီးကရက်သောက်တာကြောင့် သေဆုံးနိုင်ခြေလည်း လျှော့မသွားပါဘူး။
Myth 7 – နေ့တိုင်း စီးကရက် နည်းနည်းပဲ သောက်တာက အန္တရာယ် မရှိပါဘူး။
မှားယွင်းနေပါတယ် -လေ့လာမှုတွေအရ တစ်နေ့ကို စီးကရက် နည်းနည်းပဲ သောက်လည်း အန္တရာယ်ကတော့ ရှိနေဦးမှာပါ။ တစ်နေ့ကို စီးကရက် ၁ လိပ် ကနေ ၄ လိပ် သောက်တာက ရုတ်တရက် နှလုံးရပ်နိုင်ခြေ ၃ ဆ ပိုများနေသလို အဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေကလည်း ပုံမှန်ထက် ၃ ဆ ကနေ ၅ ဆ ပိုများနေပါတယ်။
Myth 8 – ဆေးလိပ်ဖြတ်ဖို့ အချိန်က နှောင်းနေပါပြီ။ ပျက်စီးမှုတွေက ဖြစ်ပြီးနေပါပြီ။
မှားယွင်းနေပါတယ် – ဆေးလိပ်က ဘယ်အချိန်မှာ ဖြတ်ဖြတ် ဘယ်အရွယ်မှာ ဖြတ်ဖြတ် ဆေးလိပ်ဖြတ်ပြီးချိန်မှာ ကျန်းမာရေးက တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာမှာပါ။ ဆေးလိပ်ဖြတ်တာက အချိန်နှောင်းတယ်လို့ မရှိပါဘူး။
Myth 9 – ဆေးလိပ်ဖြတ်ရာမှာ သုံးတဲ့ Champix (varenicline) က စိတ်ဓာတ် ကျစေနိုင်သလို ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်စေနိုင်တယ်။
မှားယွင်းနေပါတယ် – သိပ္ပံနည်းကျ ရလဒ်တွေအရ Champix က စိတ်ဓာတ် မကျစေနိုင်သလို သတ်သေချင်စိတ် ပေါက်စေတာမျိုးလည်း မရှိပါဘူး။
