ဘန်ကောက် ရဲ့ ကောင်းကင်ယံမှာ မောင်းသူမဲ့ လေယာဉ် တက္ကစီ ပျံသန်းပြီ
==========================================
ထိုင်းနိုင်ငံ ဘန်ကောက်ဟာ နည်းပညာ ကုမ္ပဏီတွေကို စွဲဆောင်နိုင်တဲ့ မြို့တော် ဖြစ်လာပါပြီ။ အခုတော့ ဘန်ကောက်မှာ ပထမဆုံး အနေနဲ့ မောင်းသူမဲ့ လေယာဉ် ပျံသန်းခဲ့ပါတယ်။
တရုတ်ရဲ့ EHang လေယာဉ် နည်းပညာ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ EH216-S မောင်းသူမဲ့ လေယာဉ်ဟာ ခရီးသည်တွေကို တင်ဆောင်ပြီး ထိုင်းရဲ့ ကောင်းကင်မှာ ၃ ရက်ကြာ ပျံသန်းခဲ့ပါတယ်။ ဒီလေယာဉ်ဟာ eVTOL အမျိုးအစား ဖြစ်တဲ့အတွက် မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်ပါတယ်။ ပြောရရင် လေယာဉ် ပြေးလမ်း မလိုပါဘူး။
Thailand Drone Exhibition & Symposium 2024 မှာ EHang က အဲဒီ လေယာဉ်ကို ပြသလိုက်တာ ဖြစ်ပြီး ထိုင်းဟာ EHang ရဲ့ မောင်းသူမဲ့ လေယာဉ်ကို ပြသတဲ့ ၁၈ ခုမြောက် နိုင်ငံ ဖြစ်လာပါတယ်။ ထိုင်း အစိုးရက ဘန်ကောက်လို ထိုင်းရဲ့ လူနေထူထပ်တဲ့ မြို့တွေမှာ မောင်းသူမဲ့ လေယာဉ် တက္ကစီတွေကို အသုံးပြုနိုင်အောင် ရည်မှန်းထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ ထိုင်းမှာ မောင်းသူမဲ့ လေယာဉ် တက္ကစီတွေ ပြေးဆွဲနိုင်အောင် ကြိုးစားမယ်လို့ ထိုင်း အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
Ref : bangkokpost
