၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု ဟာ ဒီလိုနောက်ကျိနေတဲ့ရေထုကို ထိုးခွင်းပြီး ဒီနေ့ခေတ်ကမ္ဘာရဲ့လုပ်ငန်းစဥ်တွေထဲက အားချင်း အလေးစိုက်ဖို့လိုတဲ့မေးခွန်းတချို့ကို ထိပ်တိုက်ဖြေဆိုကြည့်ထားပါတယ်။
ယခုစာအုပ်တွင် ရေရှည်အနာဂတ်အမြင်ကို မျက်ခြေမပြတ်စေဘဲ လက်ရှိခေတ်ကာလအကြောင်းတွေကို အဓိကထားတင်ပြထားပါတယ်။
အခု ဒီစာအုပ်မှာကျွန်တော် တင်ပြမယ့် အကြောင်းအရာတွေက ကမ္ဘာ့ရေးရာအမြင်ဖြစ်ပါတယ်။ကမ္ဘာ့နဲ့တစ်ဝန်းကလူအဖွဲ့အစည်းတွေကို ပဲ့ကိုင်နေတဲ့အဓိကတွန်းအားတွေအကြောင်း သုံးသပ်ပြီး အနာဂတ်မှာကျွန်တော်တို့ ကမ္ဘာမြေကို ဘယ်အရာတွေကလွှမ်းမိုးမှုရှိလိမ့်မယ်ဆိုတာတွေက တင်ပြထားပါတယ်။
ဒီစာအုပ်ကိုရေးသားတဲ့ပုံစံက အများပြည်သူနဲ့စကားပြောဆိုနေတဲ့ပုံမျိုးပါ။စာအုပ်ရဲ့ အခန်းတွေတော်တော်များများမှာ စာဖတ်သူတွေ၊စာနယ်ဇင်းတွေ၊လုပ်ဖော်ကိုင်ဖက်ပညာရှင်တွေ ကျွန်တော့်ကို မေးမြန်းကြတဲ့ မေးခွန်းတွေအပေါ် ပြန်လည်ဖြေဆိုထားတာ ဖြစ်ပါတယ်။
တချို့ အခန်းတွေထဲက အကြောင်းအရာတွေဆိုရင်လည်း တခြားတင်ပြမှုပုံစံတစ်မျိုးနဲ့ အရင်စာအုပ်တွေထဲမှာ ဖော်ပြထားပြီဖြစ်သလို အဲဒီဖွင့်ဆိုရှင်းလင်းမှုတွေအပေါ် တုံ့ပြန်လာတဲ့ ပြောဆိုချက်တွေကိုထပ်မံရှင်းလင်းထားပါတယ်။တချို့အကြောင်းအရာတွေက နည်းပညာတွေအကြောင်း၊နောက်ပြီးနိုင်ငံရေး၊ပြီတော့ဘာသာရေး၊နောက် အနုပညာစတဲ့ ခေါင်းစဉ်တွေအပေါ်အဓိကထားတင်ပြထားပါတယ်။လူသားတွေရဲ့ အသိဉာဏ်၊အမြော်အမြင်ကို ချီးကျူးထားတဲ့ အခန်းတွေပါဝင်သလို လူသားတွေရဲ့ မိုက်မဲမှုတွေအကြောင်း ဝေဖန်ထောက်ပြထားတဲ့အခန်းတွေလည်းပါဝင်ပါတယ်။
ဒါပေမဲ့ အဓိက လွှမ်းမိုးထားတဲ့အကြောင်းအရာကတော့ ဒီကနေ့ကမ္ဘာ့ပေါ်မှာဘာတွေဖြစ်ပျက်နေသလဲ။အဲဒီဖြစ်ရပ်တွေရဲ့နက်ရှိုင်းတဲ့အနက်အဓိပ္ပာယ်တွေကဘာတွေလဲဆိုတာပါပဲ။
ဒီစာအုပ်မှာ ကမ္ဘာနဲ့ချီတဲ့ ရှုထောင့်ကနေရေးသားထားတယ်ဆိုပေမယ့် ပုဂ္ဂလိကအမြင်တွေကိုလည်း လစ်လျူရှုမထားပါဘူး။ကျွန်တော်တို့ခေတ်ကာလရဲ့ တော်လှန်ပြောင်းလဲမှုကြီးတွေကို တစ်ဦးချင်းစီရဲ့ ဘ၀တွေနဲ့ချိတ်ဆက်ပေးထားတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။ဥပမာ အကြမ်းဖက်ဝါဒဟာ ကမ္ဘာ့နိုင်ငံရေးပြသာနာဖြစ်ပြီးလူ့အတွင်းစိတ်ရဲ့ ဖွဲ့စည်းမှုယန္တရားလည်းဖြစ်နေပြန်ပါတယ်။အကြမ်းဖက်ဝါဒရဲ့ အလုပ်လုပ်ပုံကိုက ကျွန်တော်တို့စိတ်ထဲက ထိတ်လန့်ကြောက်ရွံ့ခြင်းခလုပ်ကို ဖိနှိပ်ပြီး လူတစ်ဦးချင်းစီရဲ့စိတ်ကူးတွေကို သန်းနဲ့ချီ ပေါင်းစည်းစေခဲ့တာပါ။
အလားတူပဲ၊လစ်ဘရယ်ဒီမိုကရေစီစနစ်ရဲ့အကြပ်အတည်းတွေဟာလည်း ဥပဒေပြုလွှတ်တော်တွေ၊မဲဆန္ဒရုံတွေမှာတင်ဖြစ်ပွားတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နူရွန်ဆဲလ်တွေ၊အာရုံကြောဆုံချက်တွေမှာလည်းဖြစ်ပွားတာပါပဲ။တကိုယ်ရည်ကိစ္စသည်ပင် နိုင်ငံရေးဖြစ်တယ်ဆိုတဲ့ ဖန်တရာတေစကားလုံးကိုပဲ သုံးစွဲနိုင်တာမှန်ပေမယ့်သိပ္ပံပညာရှင်တွေ၊ကော်ပိုရေးရှင်းကြီးတွေနဲ့အစိုးရတွေက လူသားတွေရဲ့ ဦးနှောက်တွေကိုခိုးယူနိုင်တဲ့ခေတ်မှာအဲဒီကိစ္စဟာအရင်ကနဲ့မတူအောင်ကိုဆိုးရွားသွားနိုင်ပါတယ်။
အဲဒါကြောင့် အခုဒီစာအုပ်ထဲမှာတစ်ဦးချင်းရဲ့ပြုမူဆောင်ရွက်ပုံတွေရော၊လူ့အဖွဲ့ အစည်းတစ်ရပ်လုံးရဲ့ ပြုမူဆောင်ရွက်ပုံတွေကိုပါ လေ့လာထားသမျှ တင်ဆက်ပေးထားပါတယ်။
#ညီနောင်
#၂၁ရာစုအတွက်သင်ခန်းစာ၂၁ရပ်
