"ခတ္တာပွင့်ချိန်”
(လူထုဒေါ်အမာ)
ကျွန်မခင်ပွန်း ဦးလှ ဆုံးသွားတာ ဒီနှစ် သြဂုတ်လဆိုရင် ၁၄ နှစ်ပြည့်ပါတော့မယ်။ သူ့ကို မေ့တယ် လို့ ကျွန်မအနေနဲ့ မရှိပေမယ့် ခတ္တာတွေ ပွင့်ပြီဆိုရင် ထူးထူးလည်လည် သူ့ကို သတိရတယ်။ ဦးလှက မနက်တစ်ကြိမ် ညတစ်ကြိမ် ဘုရားမှန်မှန်ရှိခိုးတဲ့လူပါ။ သူနဲ့ ကျွန်မ အိမ်ထောင်ကျလို့ သူ မန္တလေး ပြောင်းလာတဲ့ အခါမှာတော့ သူ သယ်ယူရွှေ့ပြောင်းလာတဲ့ ပစ္စည်းထဲက ဘုရားကျောင်းဆောင်ကလေး တစ်ခုထဲမှာ ဒက္ခိဏသာခါ ဆင်းတုကလေးတစ်ဆူ ပါလာပါတယ်။
သူက ဒီဆင်းတုကလေးဟာ သူ့ကို ဆန်းကဖေး ဦးထွန်းရင် ရဲ့ အစ်ကို “ဦးလေးကြီး” လို့ အများက ခေါ်ကြတဲ့ ဦးတင်ပွက “ကိုလှ ကိုးကွယ်ဖို့ဆိုပြီး” ပေးထားတာတဲ့။ သူ မန္တလေးကို ပြောင်းရတာက ကြီးပွားရေး မဂ္ဂဇင်း တစ်ဘက်နဲ့မို့ အကုန်မပြောင်းနိုင်သေးဘဲ ရန်ကုန်နေလိုက် မန္တလေးနေလိုက်ဖြစ်နေတော့ သူနဲ့အတူ မန္တလေး လိုက်ပြောင်းလာတဲ့ သူ့တပည့် ကိုကံရှိန်ကို ဦးလှက သူ့ဘုရားဆွမ်းတော် မပြတ်ကပ်ဖို့ တာ၀န်ပေးလိုက်သတဲ့။
သူ ဘုရားမှန်မှန်ရှိခိုးတဲ့အလေ့ကလည်း သူကျွန်မနဲ့ အိမ်ထောင် မကျခင် လူပျိုဘ၀ကတည်းက ဖြစ်တယ်လို့ ပန်းချီဆရာ ဦးအုန်းလွင်က ပြောပါတယ်။
ရန်ကုန်မှာ နေကြတော့ နံနက်တိုင်ရင် မုန့်ဟင်းခါးစားရအောင် ပန်းချီဆရာ ဦးအုန်းလွင်နဲ့ ဆရာဇ၀န ကိုသိန်းတို့က ကြီးပွားရေးတိုက် ကိုလှဆီလာကြရောတဲ့။ လာရင် ကိုလှက ဘုရားရှိခိုးလို့ မပြီးသေးဘူး။ အဲ့ဒီတော့ သူပြီးတဲ့အထိ အောင့်အည်းစောင့်ပြီးမှ မုန့်ဟင်းခါး စားကြရသတဲ့။
ကျွန်မတို့ မန္တလေးမှာ နေကြတော့လည်း ရတနာ သုံးပါးကို ကိုင်းရှိုင်းတာက ကျွန်မထက် လေးနက်လေတော့ သူစိတ်ချမ်းသာအောင် ဘုရားစင်မှာ ပန်းလှလှပပ လန်းလန်းဆန်းဆန်းရှိအောင် ကျွန်မက ဂရုစိုက်ပါတယ်။ ဘုရားပန်းတွေ သိပ်လှနေတဲ့ အခါဆိုရင် “ကောင်းတယ်ကွာ ၊ စိတ်ချမ်းသာတယ်” လို့ သူက ပြောတတ်တယ်။ ဒါပေမယ့် ဘာပန်းတင်ပါ ၊ ဘာပန်းမတင်ပါနဲ့ လို့ ပြောလေ့မရှိပါဘူး။
အဲ ခတ္တာပွင့်ကို ပန်းသည်ခေါင်းပေါ်မှာဖြစ်ဖြစ် မြင်လိုက်ရင်တော့ “ခတ္တာပွင့် ဘုရားတင်ကွာ” တဲ့လေ။
သူက “ခတ္တာပွင့်” လို့ပဲ ခေါ်တယ်။ ခတ္တာပန်း လို့ မခေါ်ဘူး။ ကျွန်မကိုလည်း အဲ့ဒီလိုပဲ အခေါ်ခိုင်းတယ်။
ခတ္တာပွင့်က ကျွန်မတို့ဆီမှာ မတ်လကုန် ဧပြီလဆန်းရင် ပေါ်ပါပြီ။ ကျွန်မသမီးက ခတ္တာဥတွေ ရှာလာပြီး အိမ်က ပန်းအိုး တွေထဲမှာ စိုက်ထားတော့လည်း ရေလောင်းပေးပြီး နေပူတဲ့နေရာမှာ ရှိတဲ့ ပန်းအိုးထဲက ဥဟာ မတ်လဆန်းတယ် ဆိုရင် အဖူးကြီးတွေ ဘွားခနဲ ဥထဲက ထွက်လာပြီး ရက်ပိုင်းအတွင်းမှာ ပွင့်တော့တာပဲ။
မေမြို့ (ပြင်ဦးလွင်) ကတော့ ပန်းရောင် ခတ္တာပွင့်တွေ အများကြီး လာတာပဲ။ အဲ့ဒီခတ္တာတွေက တစ်ခိုင်မှာ အပွင့်လေးပွင့် ပွင့်လို့ သူ့ကို တချို့က “လေးကျွန်းစကြာ” တဲ့။ တချို့က “လေးပွင့် တစ်ခိုင်” တဲ့။ အဲ့ဒီခတ္တာပွင့်တွေက စိုက်ရတာ မဟုတ်ဘဲ အလေ့ကျပေါက်တာတွေကို ခူးပြီး ရောင်းတာမို့ ဈေးလည်းပေါပါတယ်။
ခတ္တာပွင့် အနီရဲရဲကြီးတွေ၊ အဖြူကြီးတွေ အကျားကြီးတွေ ကတော့ လူစိုက်တဲ့ ခတ္တာပန်းတွေမို့ ဈေးလည်းကြီးတယ်၊ ဘုရား ပန်းအိုးမှာလည်း ပန်းရောင်မျိုးထက် ပိုပြီးရက်ထားခံတယ်။ သူက အပွင့်ကြီးတွေလည်း ကြီးတယ်လေ။
ပြီးခဲ့တဲ့ ၄ ၊ ၅၊ ၁၀ နှစ်ကတော့ Easter Lily လို့ အင်္ဂလိပ်လိုခေါ်တဲ့ အဖြူပွင့်ကြီးတွေ ပေါ်လာပြန်တယ်။ ကျွန်မတို့ဆီကို မိုးကုတ်ကလာတာ ဖြစ်လို့ ကျွန်မတို့ပန်းသည်တွေက “မိုးကုတ်ခတ္တာ” လို့ ခေါ်ကြတယ်။ သူက အပွင့်ကတော့ ခတ္တာပွင့်ပုံစံပါပဲ။ ဒါပေမယ့် အရိုးတွေ အရွက်တွေကရှည်ပြီး ခတ္တာတွေနဲ့ မတူလှဘူး။ သူက ပန်းထိုးထားရင် အပွင့်ရော အဖူးရော အငုံရော တဖြည်းဖြည်း ချင်း ပန်းအိုးထဲမှာပဲ ပွင့်လိုက်လာတာမို့ ပူပြင်းတဲ့ မန္တလေးမှာ တောင် ဆယ့်လေးငါးရက် အထိုးခံတယ်။
ဒါကြောင့် ဒီခတ္တာပွင့်ကြီးတွေ ဘုရားအိုးမှာ ထိုးရတာ လန်းနေတာ ကြာကြာတွေ့ရတော့ ဘုရားရှိခိုးရင်းလည်း ဦးလှကို သတိရ ရတယ်။
ဦးလှက “ခတ္တာပန်းလို့ မခေါ်ပါနဲ့ကွ ၊ “ခတ္တာပွင့်” လို့ ခေါ် “ လို့ ကျွန်မကို ပြောတာ ဘာလို့လဲလို့ မေးတော့ ဒီအပွင့် ဘုရားတင်တော့ ခတ်ထားတာတွေ ပွင့်လာပါစေလို့ ဆုတောင်းလို့ ကောင်းသတဲ့လေ။
သြော် -ဦးလှ၊ ဦးလှ။
ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်ရယ်…
ခုနေများ သူနဲ့ ကျွန်မ ဆက်သွယ်လို့ ရသေးတယ် ၊ ဆက်သွယ်နိုင်တယ် ဆိုရင်ဖြင့်-
“အဖေကြီးရေ - အဖေကြီး မရှိတော့ပေမယ့် ခတ္တာပွင့်တွေကို ကျွန်မ မပြတ်ဘုရားတင်ပါတယ်။ ခုလည်း ဘုရားတင်တုန်း ဆုတောင်းတုန်းပါပဲ” လို့ ပြောချင်လှပါတယ်။
-လူထုဒေါ်အမာ-
