ရွှေလိုင်စင်အတွက် သုံးနှစ်စာ ကျပ် ၁၅ သိန်း ပေးသွင်းရမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အတွက် မြန်မာ့စီးပွားရေးဘဏ် (ME ထံ လိုင်စင်ကြေးအဖြစ် သုံးနှစ်စာအတွက် ကျပ် ၁၅ သိန်း ပေးသွင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ရွှေရောင်း/ဝယ်ပြေစာ စာအုပ် (၂) အုပ်အတွက် ၃၁,၀၀၀ ကျပ် ပေးသွင်းရမှာဖြစ်ပြီး ဘဏ်မှာ ငွေသွင်းပြီးပါက ပြေစာကို အမှတ် (၂) သတ္တုတွင်းလုပ်ငန်းထံ သွားရောက်ကာ ရုံးအဖွဲ့ထံ ပြေစာပြသရမယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ပြေစာပြသပြီး ရုံးလုပ်ထုံးလုပ်နည်းတွေ ပြီးစီးရင် အခက်အခဲမရှိ လိုင်စင်ကတ်နဲ့ ရွှေရောင်း/ဝယ်ပြေစာ စာအုပ် (၂) အုပ် ထုတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခွင့် လုပ်ငန်းလိုင်စင် ထုတ်ယူဖို့ အမည်စာရင်းပါသူတွေရဲ့စာရင်းကို အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီအထဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ပုံစံ(၁)လျှောက်လွှာ (၆)စောင်၊ ပုံစံ(၂)လျှောက်လွှာ (၃၄)စောင်၊ စုစုပေါင်းလျှောက်လွှာအစောင် (၄၀) ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ပါတယ်။
၎င်းတို့အနေနဲ့ လုပ်ငန်းလိုင်စင်ကြေး ပေးသွင်းခြင်း၊ လုပ်ငန်းလိုင်စင်ထုတ်ယူခြင်းနဲ့ ရွှေရောင်း/ဝယ် ပြေစာထုတ်ယူခြင်းတွေ ဆောင်ရွက်ဖို့ နေပြည်တော်က အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ရုံးအဖွဲ့ထံ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးထားပါတယ်။
