ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်
ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ် တချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။
လွန်ခဲ့သော (၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာအနှံ့အပြား၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေကြောင်း ထုတ်ပြန်ထားသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#centralnewsnaypyitaw
