မြန်မာ့ပြည်တွင်း ပဋိပက္ခကြောင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း ရပ်ဆိုင်းနေရဟု အိန္ဒိယအစိုးရ ပြော

ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ကီလိုမီတာ ၁၄၀၀ အရှည်ရှိတဲ့ အိန္ဒိယ- မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်းဟာ မပြီးစီးနိုင်ဘဲ ရပ်တန့်နေရတယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်းရှန်ကာက ဂူဝါဟတီမြို့မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ ၂၀၂၅ ခုနှစ် ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အဦဆိုင်ရာ အာသံထိပ်သီးအစည်းအဝေးမှာ ဖွင့်ဟပြောကြားလိုက်ပါတယ်။.

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး India-Myanmar-Thailand Trilateral (IMTT) ဟာ အိန္ဒိယအရှေ့ဘက်ခြမ်းနဲ့ အရှေ့တောင်အာရှဒေသအကြား ချိတ်ဆက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် Game Changer တစ်ခုအဖြစ် ပြောင်းလဲသွားမှာဖြစ်ပေမဲ့ ရပ်တန့်နေရတဲ့အပေါ် ဒေါက်တာ အက်စ်ဂျိုင်းရှန်ကာက “အစစ်အမှန် ပြောင်းလဲဖို့က အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ပြီးစီးဖို့ပါ။ စီမံကိန်းတိုးတက်မှုက လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေပေမဲ့ အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို ပိတ်ဆို့ဖို့ ခွင့်မပြုနိုင်ပါဘူး။ ဒီတိုးတက်မှု သေချာစေဖို့ လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေ ရှာဖွေရပါမယ်”လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ချိတ်ဆက်ဖို့ မြန်မာနိုင်ငံကို ဖြတ်သန်းသွားမယ့် ဒေသတွင်း အရေးပါတဲ့ အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာတော့ ပြီးစီးနေပြီဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ ပဋိပက္ခတွေကြောင့် ရှေ့မဆက်နိုင်ဖြစ်နေရပါတယ်။

၂၀၁၄ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းဦးစားပေးမူဝါဒအရ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါနဲ့ မြန်မာနိုင်ငံတို့ ဆက်စပ်မှုမှာ သိသာထင်ရှားတဲ့ တိုးတက်မှုများစွာ ရရှိခဲ့သလို လမ်းသစ်တွေ၊ စစ်ဆေးရေးဂိတ်တွေ၊ မီးရထားလိုင်းတွေ၊ ရေလမ်း၊ မဟာဓာတ်အားလိုင်း၊ လောင်စာဆီ ပိုက်လိုင်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အထူးသဖြင့် နိုင်ငံရဲ့ အရှေ့နဲ့ အရှေ့မြောက်ဘက်မှာ ဖြတ်သန်းသွားလာနိုင်တဲ့ အဆောက်အဦများစွာ ဖြစ်ထွန်းလာခဲ့သလို ကိုဗစ်ကပ်ရောဂါ စိန်ခေါ်မှုတွေနဲ့ ယူကရိန်းပဋိပက္ခနောက်ပိုင်းမှာလည်း အိန္ဒိယနိုင်ငံဟာ ကာကွယ်ဆေးထောက်ပံ့မှု၊ ဆန်စပါးထောက်ပံ့မှု၊ ဓာတ်မြေသြဇာနဲ့ လောင်စာရရှိမှုတို့ကို အိမ်နီးချင်းနိုင်ငံတွေအတွက် လျင်မြန်စွာ ထောက်ပံ့ဆောင်ရွက်ခဲ့တယ်လို့လည်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးက ဒီအာရှလမ်းမကြီးသာပြီးစီးသွားမယ်ဆိုရင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ဒေါ်လာ ၄ ဒသမ ၂၅ ထရီလျံရှိပြီး အိန္ဒိယနိုင်ငံရဲ့လူဦးရေ ထက်ဝက်လောက်ပမာဏဖြစ်တဲ့ လူဦးရေ သန်း ၇၀၀ နီးပါးရှိတဲ့ အရှေ့တောင်အာရှဟာ ကြီးမားတဲ့ အကျိုးဆက်ရဲ့ မိတ်ဖက်ဖြစ်လာမှာဖြစ်သလို သာယာဝပြောရေးနဲ့ တိုးတက်မှုကို ဦးတည်တဲ့ ခရီးလမ်းမှာ အပြန်အလှန် ဖေးမကူညီနိုင်မှာလို့လည်း ဆက်လက်ပြောပါတယ်။

Ref: Hindustan Times

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image