Part-2
*ယနေ့ခေတ် ကျင့်သုံးသည့် တိုက်ရိုက် ဒီမိုကရေစီ နည်းလမ်းများ

ဤသည်ကမူ ကိုယ်စားလှယ်တို့က မူလပိုင်ရှင်များအား အရေးကြီးသော ကိစ္စဖြစ်၍ ကာယကံရှင် သင်တို့ ကိုယ်တိုင် ဆုံးဖြတ်ပါဟူ၍၊ အဆိုပါ ကိစ္စရပ်တစ်ခုအတွက် အခိုက်အတန့်အဖို့ အာဏာ ပြန်လည် လွှဲအပ်ပေးသော (referral) သဘောဖြစ်သည်။
ထိုအခါမျိုးတွင်လည်း လူထုသည် တိုက်ရိုက် ဒီမိုကရေစီ ကျင့်သုံးခွင့်ရပါသည်။
လူထုဆန္ဒခံယူပွဲကို ပြည်လုံးကျွတ် မဟုတ်ဘဲ၊ ဒေသနယ်နိမိတ် တစ်ခုအတွက် ပြုလုပ်ပေးရတာမျိုးလည်း ရှိသည်။ ဥပမာ၊ မဲဆန္ဒနယ်တစ်ခုရှိ လူထုက ယခင် ရွေးကောက်ပွဲတွင် မိမိတို့နယ်မှ ဆန္ဒမဲအများစုရ၍ လွှတ်တော်တစ်ရပ်၌ ကိုယ်စားလှယ် ဖြစ်သွားသော ပုဂ္ဂိုလ်အား၊ ယင်း၏ ဆောင်ရွက်မှုများကို မနှစ်သက် လက်မခံနိုင်၍ ပြန်လည် ပယ်ဖျက် ရုပ်သိမ်းလိုကြောင်း တင်ပြ တောင်းဆိုလာသောအခါမျိုး (recall) တွင် ဖြစ်သည်။
သည်အတွက်၊ အနည်းဆုံး မဲဆန္ဒရှင် မည်ရွေ့မည်မျှက လက်မှတ်ရေးထိုး တိုင်ကြားရမည် ဖြစ်ကြောင်း သတ်မှတ်ချက်များ ရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဤသည်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်မျိုး ပါရှိသည်။
“လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၃၉၆ (ခ)တွင် “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က..” ဟု ဖော်ပြထားသည်။ [သို့သော်ယင်းအတွက်လိုအပ်သော ဥပဒေပြဋ္ဌာန်းရမည်ဖြစ်ကြောင်းကိုလည်း ပုဒ်မ ၃၉၇တွင် ရေးသားထားတာ တွေ့ရသည်။]
ပြန်ချုပ်သော်
လူထုက စတင် တောင်းဆိုသည့်ကိစ္စများအတွက် မဲခွဲဆုံးဖြတ်ပေးရခြင်း၊ အာဏာမဏ္ဍိုင်များက ဆောင်ရွက်လိုသည့် အရေးကြီးသော ကိစ္စရပ်များအတွက် လူထုဆန္ဒကို ရယူဆုံးဖြတ်ရခြင်း၊ လူအများ မလိုလားသော ကိုယ်စားလှယ်များအား ရုပ်သိမ်းပယ်ဖျက်မှု ပြု မပြု သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ လူထုထံ အဆုံးအဖြတ် ခံယူရခြင်းတို့သည် ယနေ့ ကမ္ဘာ့နိုင်ငံ အများအပြား၌ ကျင့်သုံးနေသည့် တိုက်ရိုက် ဒီမိုကရေစီ၏ ပင်မလက္ခဏာများ ဖြစ်ပါသည်။
ယင်းအထဲတွင် ထပ်မံ ဖြည့်စွက်နိုင်သော အရာတစ်ခုရှိပါသေးသည်။ ယင်းက တရားစီရင်ရေးပိုင်းတွင် လူထုပါဝင်နိုင်မှု ဖြစ်သည်။ အချို့သော တိုင်းပြည်များတွင် တရားစီရင်ရာ၌ အများပြည်သူများထဲမှ ခေါ်ယူသည့် ခုံသမာဓိ (ဂျူရီ) လူကြီးများက ဆုံးဖြတ်ပေးရသော စနစ်ကို ကျင့်သုံးရာ ဤသည်မှာ တရားစီရင်ရေးအာဏာကို လူထုကိုယ်တိုင် တစ်စိတ်တစ်ပိုင်း ပါဝင် ကျင့်သုံးနိုင်သည့် တိုက်ရိုက် ဒီမိုကရေစီ အလေ့အကျင့် တစ်ခုဟု ဆိုနိုင်ပါသည်။