ကျားဖျန့်နှိမ်နင်းရေး အရှိန်မြှင့်တင်ပြီးနောက် ရန်ကုန်တွင် လုံးချင်းအိမ်ငှားသော တရုတ်နိုင်ငံသား အရေအတွက် တိုးလာ

ဖေဖော်ဝါရီ ၂၄

ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖျန့်နှိမ်နင်းရေးအရှိန်မြှင့်တင်ပြီးနောက် ရန်ကုန်တွင် လုံးချင်း အိမ်ငှားသော တရုတ် နိုင်ငံသားအရေအတွက် တိုးလာကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေတို့တွင် တရားမဝင်အွန်လိုင်း လောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုကျူးခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ၎င်း တို့ကို သက်ဆိုင်ရာနိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက် ရှိရာ နယ်စပ်ဒေသအခြေပြုကျားဖျန့်လုပ်ငန်းအချို့သည် ရန်ကုန်မြို့အထိ ခြေဆန့်လာကြောင်း စုံစမ်းသိရှိရသည်။

“မင်္ဂလာဒုံထဲမှာကိုပဲ ရက်ပိုင်းအတွင်းမှာ လုံးချင်းအိမ်ငှားတာ တရုတ်တွေပဲ။ ဗမာစကားတွေလည်း လုံးဝ မတတ်ကြဘူး။ မြဝတီဘက်ကလား၊ လားရှိုးဘက်ကလားတော့ သေချာမပြောတတ်ဘူး။ အဲဒါတွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သေချာလေး ဧည့်စာရင်းတွေ ဘာတွေကော စစ်ရဲ့လား။ အဲဒါလေးတွေကတော့ အောက်ခြေအာဏာပိုင်အဖွဲ့အစည်းတွေက လုပ်ဖို့လိုတယ်။ ရန်ကုန်မြို့ထဲမကြည့်နဲ့ အန်ကယ်နေတဲ့နေရာက အလွန်ခေါင်တဲ့နေရာ။ အဲဒီမှာကို လုံး ချင်းအိမ်တွေမှာ လာငှားတဲ့တရုတ်တွေ စစ်ရှောင် လား၊ ကျားဖျန့်လားတော့မသိဘူး။ (၄၊ ၅) အိမ်တွေ့ ရတယ်။ အန်ကယ့်ပတ်ဝန်းကျင်လေးတွေမှာကို အခုရက်ပိုင်း အတွင်းမှာ များလာတယ်ဆိုတာ ရဲရဲတင်း တင်းပြောရဲတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

မြို့ကြီးများရှိ မြို့အဝင်ဂိတ်များ၌ တာဝန်ကျသည့်လုံခြုံရေးအဖွဲ့အစည်းများက ခရီးသွားရန် လိုအပ်သော အထောက်အထားများကို စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လည်း ဧည့်စာရင်းစစ် ခြင်းတို့ကို ယခုရက်ပိုင်းအတွင်း ပိုမိုတင်းကြပ်စွာဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။

“တာဝန်ကျတဲ့ဂိတ်တွေမှာရော ၊ သက်ဆိုင်ရာ ရပ်ကျေးတွေမှာရော အခုရက်ပိုင်းမှာ ဟန်ချက်ညီလုပ်ရမှာ။ ဟန်ချက်ညီဆိုတာ ကျားဖျန့်ကိစ္စတွေပေါ်နေတယ်။ ပေါ်နေတာကို ကိုယ့်ရဲ့ပြည်တွင်းက လူတွေ ရန်ကုန်လို မြို့ကြီး တွေ၊ မန္တလေးတို့ တခြားမြို့တွေက ဧည့်စာရင်းစစ်တာတွေကို တစ်ပြိုင်နက် ဒီအချိန်မှာပိုပြီးတော့ ဖိရမယ့် အနေအထားရှိတယ်။ အဲဒါမျိုးလုပ်တာတွေ မတွေ့ရဘူး။ အန်ကယ်အကြံပြုတာပါ” ဟု ၎င်းက ဆက်လက် ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန် အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image